Homeသတင်းရေး-သံဖြူဇရပ်ကားလမ်း ထိရောက်စွာပြုပြင်မရှိသေး

ရေး-သံဖြူဇရပ်ကားလမ်း ထိရောက်စွာပြုပြင်မရှိသေး

-

မင်းသုတ – မိုးရာသီအတွင်း ဆိုးဝါးစွာပျက်စီးနေသည့် ရေး-သံဖြူဇရပ်ကားလမ်းအတွက် ပွင့်လင်းရာသီရောက်ရှိသော်လည်း သက်ဆိုင်ရာမှ ထိရောက်စွာ မပြုပြင်နိုင်သေးကြောင်း ခရီးသည်တို့က ပြောသည်။

ရေး-သံဖြူဇရပ်လမ်းပိုင်းတစ်နေရာ
ရေး-သံဖြူဇရပ်လမ်းပိုင်းတစ်နေရာ

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင် – ရေး-မလွှဲတောင်အပိုင်း လမ်းတံထားပြုပြင်ရေးကို အေးကိုကုမ္မဏီမှ ကန်ထရိုက်ယူထားသော်လည်း ပြန်လည်မပြုပြင်နိုင်သေးသည့်အတွက် ခရီးသွားလာမှု အချိန်ကြန့်ကြာလျှက်ရှိသည်။

“အခု ရေးနဲ့ သံဖြူဇရပ်ကို ကားနဲ့သွားရင် လေးနာရီနီးပါးလောက်ကြာတယ်၊ အချိန်တော်တော် ပေးရတယ်၊ မိုးတွင်းကအတိုင်းပဲ၊ လမ်းက ခနော်ခနဲ့တွေ အများကြီးဆက်ဖြစ်နေတယ်၊ အရင်နှစ်တွေက ဒီအချိန်ဆို ကားနဲ့သွားရင် နှစ်နာရီနီးပါးပဲကြာတယ်၊” ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရေး-သံဖြူဇရပ်ကားလမ်းအတိုင်း ခရီးသွားခဲ့သူ နိုင်ရင်က ပြောသည်။

အင်္ဂလိပ်လက်ထက်ကတည်းက ဖေါက်လုပ်ခဲ့သော သံဖြူဇရပ်-ရေးလမ်းအပိုင်းသည် (၅၆) မိုင် (၂) ဖာလုံရှည်လျား၍ မူလလမ်းတာပေါင်အကျယ် ပျမ်းမျှပေ (၂၀) ခန့်သာရှိသည့် ကတ္တရာလမ်းအမျိုးအစား ဖြစ်သည်။

“ချိုင့်တွေကိုဖို့ပြီး သွားနေရတာလည်းရှိတယ်၊ ယာဉ်တစီးနဲ့တစီး လွတ်လွတ်လပ်လပ် မသွားနိုင်ဘူး၊ ကားတစီးနဲ့တစီးဖယ်ရင် လမ်းဘေးကို ဘီးချပြီးသွားနေရတယ်” ဟု ရွှေလီရတနာမှန်လုံယာဉ် မောင်းနှင်နေသူ ကားဒရိုင်ဘာတဦးက ပြောသည်။

အေးကိုမိသားစုဆောက်လုပ်ရေးကုမ္မဏီလီမိတက် Aye Ko Construction Co Ltd. သည် ရေးမြို့နယ်အတွင်း၌ ဂိတ်ကြေး (၅) ဂိတ်ခန့် စဉ်ဆက်မပြတ်ကောက်ခံလျက်ရှိနေပြီး လမ်းတံတားများ ပြုပြင်ခြင်းမရှိဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်အမတ် မိမြင့်သန်းက လွန်ခဲ့သည့်စက်တင်ဘာလတွင် ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းမေးမြန်းမှုရှိခဲ့သည်။

မော်လမြိုင် – ရေး မလွှဲတောင်အပိုင်းကားလမ်းသည် အရှည် ( ၁၁၂) မိုင် (၆) ဖာလုံရှိပြီး ထိုလမ်းကို
အေကိုကုမ္မဏီမှ ၂၀၁၁ ခုနှစ် မတ်လမှစတင်ပြီး ဘီအိုတီစနစ်ဖြင့် လမ်းတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြင့်တည်ဆောက်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားခြင်းဖြစ်သည်။

ထိုနည်းတူ ရန်ကုန်-ထားဝယ်ကားသို့ သွားသည့်ကားလမ်းတလျှောက်သည်လည်း ပြန်လည်ပြုပြင်မှုရှိသော်လည်း ပုံမှန်အနေအထားသို့ မရောက်ရှိသေးသည့်အတွက် ခရီးအကွာအဝေး ကြန့်ကြာမှုရှိနေကြောင်းလည်း သိရသည်။

မြန်မာပြည်ဒေသအသီးသီးမှ တနင်္သာရီတိုင်းသို့ရောက်ရှိရန် အဆိုပါရေး-သံဖြူဇရပ်မော်တော်ကားလမ်းတစ်ခုတည်းကိုသာ ဖြတ်သန်းသွားလာနေရသည်။

ဆက်စပ်သတင်း

1 COMMENT

  1. အေးကိုကုမ္မဏီက မြ၀တီကော့ကရိတ်လမ်းကိုလဲ မ ပြင်ဘဲငွေကောက်စားနေတာ
    ကြာလှပါပြီ
    ကရင်ပြည် အစိုးရ၀န်ကြီးတွေနဲ့လွတ်တော်အမတ်တွေကတော့ဘာမှမပြောဘဲ
    ငြိမ်နေ ကြပါလား

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts