Homeသတင်းနိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) အတွက်ငွေကျပ် ၅၀၀၀ ပေးဆောင်ခဲ့ကြ

နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) အတွက်ငွေကျပ် ၅၀၀၀ ပေးဆောင်ခဲ့ကြ

-

ဂျူရီချိုင်း – လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများမှ မှတ်ပုံတင် ပြုလုပ်ပေးရာတွင် အခမဲ့နီးပါး (ကုန်ကျစရိတ် ၆ ကျပ်) ဟု ကြေငြာထားသော်လည်း မွန်ပြည်နယ် မုဒုံမြို့နှင့် သံဖြူဇရပ်မြို့တို့တွင် ကျပ်ငွေ ၅၀၀၀ နှုန်းဖြင့် ပေးဆောင်ခဲ့ရကြောင်း မြို့ခံများက ပြောသည်။

မြန်မာနိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်)
မြန်မာနိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်)

“လဝက ဝန်ထမ်းတွေက ငွေ ၅၀၀၀ ကျပ် တောင်းတော့ ကျွန်မကလည်း တောင်းသလောက် ပေးခဲ့ရပါတယ်” ဟု သားဖြစ်သူ မှတ်ပုံတင်သွားယူခဲ့သူ မုဒုံမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

မှတ်ပုံတင်ပြုလုပ်ရာတွင် မြို့နယ်လဝက (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန) မှ အခမဲ့နီးပါးသာဖြစ်ပြီး အပိုငွေကြေး ပေးဆောင်ရခြင်းမပြုပဲ တပတ်အတွင်း အပြီးဆောင်ရွက်ပေးမည် နှိုးဆော်ထားခဲ့သော်လည်း မှတ်ပုံတင်သွားရောက်ယူသောအခါ ငွေကြေး ပေးဆောင်ခဲ့ရသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အလားတူဖြစ်ရပ်မှာ မုဒုံမြို့တွင်သာမက သံဖြူဇရပ်မြို့တွင် ဖြစ်ပွားခဲ့သည်။ လဝကဝန်ထမ်းများက မှတ်ပုံတင်ရိုက်ပြီးသူများ သက်သေခံလက်မှတ် သွားရောက်ထုတ်ယူသည့်အခါ တစ်ဦးကို ငွေ ၅၀၀၀ ကျပ် ပေးဆောင်ခဲ့ရသည်ဟုလည်း သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

“မှတ်ပုံတင် သွားရွေးခဲ့တဲ့သူတွေကို တစ်ယောက်ငွေ ၅၀၀၀ ကျပ် လူတိုင်းပေးဆောင်နေရတာ တွေ့ခဲ့ရတယ်၊ အရင်ကဆို ငါးသောင်းအထိ ပေးခဲ့ရပါတယ်၊ အခုပိုပြီး သက်သာလာပါတယ်” ဟု အထက်ပါ သံဖြူဇရပ်မြို့ခံက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့မှစပြီး အဆိုပါမြို့နယ်အတွင်း နိုင်ငံသားမှတ်ပုံတင်များ အရှိန်မြင့်ပြုလုပ်ပေးခဲ့ရာ တစ်ပတ်သာကြာမြင့်ကြောင်း သိရသည်။

မြန်မာအစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ပြုလုပ်သူများအတွက် ကုန်ကျစရိတ်မှာ ၆ ကျပ်သာ လဝကကို ပေးသွင်းရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်ကို ပြည်တွင်းထုတ်သတင်းဂျာနယ်များတွင် ဖေါ်ပြခဲ့သည်။

အသက် ၁၀ နှစ်ပြည့် (သို့မဟုတ်) ၁၈ နှစ်ပြည့် မှတ်ပုံတင် လျှောက်ထားမှုအတွက် ငွေ ၆ ကျပ်ဖြင့် လည်းကောင်း၊ အသက် ၁၀ နှစ်ပြည့် (သို့မဟုတ်) ၁၈ နှစ်ပြည့် မှတ်ပုံတင် လဲလှယ်ခြင်းအတွက် ငွေ ၃ ကျပ်ဖြင့် လည်းကောင်း၊ မှတ်ပုံတင်ပျောက်ဆုံး၊ ပျက်စီးမှုကြောင့် ပြန်လည် လျှောက်ထားမှုအတွက် ငွေ ၁၀ ကျပ်ဖြင့် လည်းကောင်း ကြေညာချက်တွင် တွေ့ ရသည်။

ရန်ကုန်တိုင်းတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပါတီဝင်များက မှတ်ပုံတင်ရုံးသို့ သွားရောက်ကာ မှတ်ပုံတင်ပြုလုပ်သူများကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts