Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ရေကြီးသည့်အပြင် ခရုနှင့်ပိုးမွှားဒဏ်ကြောင့် အချိန်မီ စပါးပြန်စိုက်ရန်မလွယ်

    မွန်ပြည်နယ်ရေကြီးသည့်အပြင် ခရုနှင့်ပိုးမွှားဒဏ်ကြောင့် အချိန်မီ စပါးပြန်စိုက်ရန်မလွယ်

    -

    မင်းတော်လဝီ – ဇူလိုင်လဒုတိယပတ်မှစ၍ အဆက်မပြတ်ရွာသောမိုးကြောင့် စပါးပင်များရေ နစ်မြုပ်သည့်အပြင် ခရုများအပါအ၀င် ပိုးမွှားများပါကျရောက်မှုကြောင့် စပါးပင်များ ပျက်စီးဆုံးရှုံးမှုရှိနေပြီး အချိန်မီ ပြန်စိုက်ရန်မလွယ်ကူတော့ကြောင်း မွန်ပြည်နယ် လယ်သမားများထံမှ သိရသည်။

    မွန်ပြည်နယ်အတွင်ရှိ လယ်ခင်း
    မွန်ပြည်နယ်အတွင်ရှိ လယ်ခင်း

    အထူးသဖြင့် ကျိုက္မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် စပါးပင်များ ရေနစ်မြုပ်ခံရပြီး အဆိုးရွားဆုံးမှာ ကျိုက္မရောမြို့နယ်တွင် ဖြစ်သည်။

    ထို့အပြင် ပေါင်မြို့နယ်တွင် ရေပြန်ကျခဲ့သည့်လယ်မြေအချို့တွင် စပါးဖျက် ပိုးမွှားကျရောက်နေကြောင်း ခရိုင်မြေစာရင်းဝန်ထမ်းတဦးက ပြောသည်။

    ကမာဘီရွာ လယ်သမားတဦးကလည်း “ပေါင်မြို့နယ် ကမာဘီရွာနဲ့ အလှပ်ရွာဘက်က ရေမြုပ်လယ်တွေ ပြန်ပေါ်လာတဲ့စပါးပင်တွေကို အရွက်ဖြတ်ပိုး ထပ်ကိုက်တော့ အငုတ်ပဲ ကျန်တယ်၊ လယ်ဧက ရာချီရှိတယ်” ဟု ပြောသည်။

    “ကျိုက္မရောမြို့နယ်မှာ ရေကြီးနေကျဆိုပေမယ့် ဒီတခါရေမြုပ်တာရက်ကြာရှည်တယ်၊ တရနာ ရွာလယ်ပိုင်းမှာ ဝါဆိုလပြည့်နေ့ ကျောင်းတက်သွားတာကို ရေဒူးခေါင်းလောက် ရောက်နေတယ်၊ နောက်ပိုင်း မိုးဆက်ကြီးနေတော့ တရနာရွာ၊ ကော့သတ်ရွာ၊ ခရုံလက်ပန်ရွာတွေမှာ ဧကထောင်ချီ ရေမြုပ်ခံလိုက်ရတယ်” ဟု တရနာရွာမှ လယ်ရှင်တဦးက ပြောသည်။

    ရေပြန်ပေါ်လာသည့် စပါးပင်များသည်လည်း တပင်လုံးရိပြီး အပင်များသေနေကြောင်း အရန်ပျိုးကမရှိသဖြင့် ပျိုးပင်ပြန်ထောင်ရန် အချိန်မမီသည့်အပြင် ငွေကြေး အခက်အခဲလည်း ဖြစ်နေရသည်ဟု ၄င်းလယ်သမားက ပြောသည်။

    ထို့အပြင် ဘီလူးကျွန်းချောင်းဆုံမြို့နယ်ရှိ ပင်လယ်နှင့်နီးသည့် ကော့မုပွန်ရွာ၊ ဆယ်ပလာရွာများတွင်လည်း အမည်မသိ ခရုကြီးတမျိုး စပါးများကိုကိုက်ဖြတ်စားပစ်ခြင်းကြောင့် လယ်ဧက ရာချီဆုံးရှုံးခံနေရသည်ဟု ကော့မုပွန်ရွာမှ လယ်သမားတဦးက ပြောသည်။

    “ဒီလိုခရုမျိုးကို တသက်မှာ တခါမှမတွေ့ဖူးပါဘူး၊ အကောင်က အငယ်က လက်မ၊ ခြေမလောက်ရှိပြီး အကြီးက ကြက်ဥ အလုံးသေးခန့်ရှိတယ်၊ ခါတိုင်းနှစ်တွေမှာ ဖောင်စီးဂဏန်းတွေပဲ ဖျက်ဆီးတတ်တယ်၊ အခု ခရုတွေကို ဆေးဖြန်းလည်း မကုန်သွားဘူး” ဟု ၄င်းလယ်သမားကပြောသည်။

    မွန်ပြည်နယ်ရှိ မြို့နယ်များတွင် မိုဦး၊ မိုးလယ်မှာ မိုးအားကောင်းလေ့ရှိပြီး မြစ်ချောင်းများ ရေစီးကြောင်းများပြောင်းလဲမှုနှင့် လယ်ကြားမြောင်းများ စနစ်တကျပြုပြင်ထားမှု မရှိခြင်းကြောင့် ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း ရေကြီးမှုဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks