၂၀၁၁ ခုနှစ် မတ်လဦးပိုင်းကာလ မြန်မာနိုင်ငံအစိုးရအသစ်၏ သမတဦးသိန်းစိန် ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် မိမိ၏အစိုးရအသစ်အနေဖြင့် လာပ်ယူလာပ်ယူကင်းမဲ့သည့် သန့်ရှင်းသည့်အစိုးရ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတို့အတွက် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ပေသည်။ သမတဦးသိန်းစိန်၏ ကတိစကားသည် ယခု တိုင်းရင်းသားဒေသတွင် စစ်ပြုတိုက်ခိုက်နေသည့် အခြေအနေနှင့် တွက်ချက်ကြည့်ပါက “အရှေ့နှင့်အနောက်” “တောင်နှင့်မြောက်” ကဲ့သို့ ဖြစ်နေပေသည်။သမတဦးသိန်းစိန်အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးဆိုသည့် ကတိစကားအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။ အကယ်၍ အစိုးရ အသစ်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကိစ္စ အား ဆောင်ရွက်လိုပါက ပြည်တွင်းစစ်ကိစ္စအထက်၊ “ပြည်တွင်းငြိမ်းချမ်းရေး” ကိစ္စကို အထူး အလေးပေး ဆောင်ရွက်သင့်ပေသည်။
ယခုအစိုးရအသစ်နှင့် တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို တိုက် ခိုက်ကာ ပြည်တွင်းစစ်ကို ဖန်တီးနေသည်။ ပြီးခဲ့သည့်လတွင် တပ်မတော်မှ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေသည်။ အကျိုးဆက်ကား ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့ အတူတကွ ပြန်လည်ပူးပေါင်းရန် သဘောတူညီချက် ရရှိခဲ့ပေသည်။ ထို့ကြောင့် ဗမာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော်တို့အကြား ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားပြီး ရှမ်းပြည်နယ်တနယ်လုံးသို့ ပြန်နှံ့သွားပေသည်။
ယခုပစ္စုပ္ပန်ကာလတွင်လည်း ဗမာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အား ထိုးစစ်ဆင် တိုက်ခိုက်နေပေသည်။ ကေအိုင်အေမှလည်း မိမိတို့၏ နယ်မြေမဆုံးရှုံးရေးတို့ အတွက် ပြန်လည်ခုခံ တိုက်ပွဲဝင်နေသည်။ ဗမာ့တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် ပြည်တွင်း စစ်သည် ကချင်ပြည်နယ်တွင် ပြန့်နှံ့သွားနိုင်ဖွယ်ရှိသည်၊
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် တိုက်ပွဲများ၊ ပစ်ခတ်မှုများ၊ ဗုံးဖောက်ခွဲမှုများ ကြိုကြားကြိုကြား ဖြစ်ပွားလျှက် ရှိသည်။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခံရသည့် ဒီကေဘီအေတပ်များမှာလည်း မိခင်အဖွဲ့အစည်းသို့ တဖွဲဖွဲနှင့် ပြန်လည် ရောက်ရှိလာသည်။
ဤအခြေအနေကို သုံးသပ်ကြည့်မည်ဆိုပါက ယခု သမတဦးသိန်းစိန် အစိုးရသည် ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကိစ္စအထက်၊ ငြိမ်းချမ်းရေးကို ဆန့်ကျင်သည့် ပြည်တွင်းစစ်ကိစ္စကိုသာ ဦးစားပေး ဆောင်ရွက်နေပေသည်။ ယခင်စစ်အစိုးရလက်ထက်က ချမှတ်ထားသည့် မူဝါဒပေါ်လစီ အတိုင်းသာ လက်ရှိအစိုးရမှ ဆက်လက် ကျင့်သုံးနေကြောင်း တွေ့ရပေသည်။
ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားပြည်သူတရပ်လုံးမှ ငြိမ်းချမ်းရေးကို လိုလားတောင့်တ နေပေသည်။ ငြိမ်းချမ်းရေး မရှိသည့်အရသာ၊ ပြည်တွင်းစစ်၏ အရသာမှာ ခါးသည်းလှကြောင်း လက်တွေ ခံစားရပြီး ဖြစ်သည်၊
အစိုးရအသစ် တက်ခါစကာလတွင် ပြည်သူများမှာ သမတဦးသိန်းစိန်အပေါ် မျှော်လင့်ချက်ရှိ ကြသည်။ ပြုပြင်ပြောင်းလဲရေးအသစ်များ ရှိလာနိုင်သည်ဟု မျှော်လင့်ကြသည်။ သမတဦး သိန်းစိန်မှ ငြိမ်းချမ်းရေးတည်ဆောက်သွားမည်ဟု တိုင်းရင်းသားများမှ မျှော်လင့်ကြသည်။
ယခု ဤမျှော်လင့်ချက်များသည် သဲထဲရေသွန် သကဲ့သို့ ဖြစ်သွားပြီလော၊ ကတိစကားနှင့် လက်တွေ့ လုပ်ရပ် မကိုက်ညီသည့်အစိုးရအပေါ် တဖြည်းဖြည်းနှင့် မျှော်လင့်ချက် ကင်းမဲ့သွားနိုင်ကြောင်း တင်ပြလိုက်ရပေသည်။