Homeသတင်းနယ်ခြားစောင့်တပ်က အစိုးရ တပ်သားတဦးကို ပစ်ခတ်

နယ်ခြားစောင့်တပ်က အစိုးရ တပ်သားတဦးကို ပစ်ခတ်

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ယမန်နေ့ (ဇွန်လ ၉ ရက်) ညက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် နယ်ခြားစောင့်တပ်ဖွဲ့ BGF က ခလရ ၂၈၄ မှ တပ်သားတဦးကို ပစ်ခတ်ခဲ့ကြောင်း ထိုအကြောင်းကို စုံစမ်းထားသည့် ဘုရားသုံးဆူမြို့ခံတဦးက ပြောသည်။

ရပ်ကွက် (၄) ရှိ ဥဒေါင်းကန်ပတ်လမ်း စားသောက်ဆိုင်တဆိုင်ရှေ့ ည ၈ နာရီခွဲခန့်တွင် အချင်းများကြရာမှ ခလရ ၂၈၄ မှ တပ်သား တင်သောင်း ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ဇွန်လ ၅ ရက်နေ့က အမည်မသိ လက်နက်ကိုင်များ ဖောက်ခွဲပြီး ပျက်စီးသွားသည့် စရဖ ရုံး။
ဇွန်လ ၅ ရက်နေ့က အမည်မသိ လက်နက်ကိုင်များ ဖောက်ခွဲပြီး ပျက်စီးသွားသည့် စရဖ ရုံး။

“ဆိုင်မှာ ဗမာစစ်သားတွေ သောက်စားနေတဲ့အချိန် BGF က ကားနဲ့ ရောက်လာတယ်၊ ဗမာစစ်သားက ကားသိမ်းမယ် ဘာညာလုပ်တော့ စကားများကြပြီး BGF တယောက်က ပစ်ထည့်လိုက်တာပဲ” ဟု စုံစမ်းထားသူက ပြောသည်။

အပစ်ခံရသည့် တပ်သားကို ဘုရားသုံးဆူမြို့ ဆေးရုံသို့ တင်ပို့ရာမှ ဒဏ်ရာပြင်းထန်သဖြင့် ထိုင်းနိုင်ငံ ကန်ချပူရီ ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ခဲ့ရသည်ဟု ဘုရားသုံးဆူမှ ရဲအရာရှိတဦးက ပြောသည်။ သို့သော်လည်း BGF လက်ချက် မဟုတ်ကြောင်း သူက ပြောသည်။

အခင်း ဖြစ်ပွားသည့် ဥဒေါင်းကန်ပတ်လမ်းသည် စိတ်ကြွဆေး ရောင်းဝယ် သုံးစွဲသူများ၊ ပြည့်တန်ဆာအိမ်များနှင့် လက်နက်ကိုင်သမားများ စသည်ဖြင့် ရှုပ်ထွေးသည့်နေရာ ဖြစ်သည်။

နယ်ခြားစောင့်တပ် အမှတ် ၁၀၂၃၊ ၁၀၂၁ အဖွဲ့ခွဲများ ဖြစ်သည့် ကရင် ငြိမ်းချမ်းရေး အဖွဲ့ KPF နှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ဘုရားသုံးဆူမြို့တွင် အခြေချလျက် ရှိသည်။

ယနေ့တွင် BGF နှင့် ခလရ ၂၈၄ က ၎င်းပြဿနာကို ညှိနှိုင်း ဖြေရှင်းနေကြဆဲ ဖြစ်ကြောင်း အထက်ပါ စုံစမ်းထားသူက ပြောသည်။

ဇွန်လ ၅ ရက်နေ့တွင်လည်း အမည်မသိ မျက်နှာဖုံးစွပ် လက်နက်ကိုင်များက ဘုရားသုံးဆူမြို့သို့ ဝင်ရောက်ပြီး စရဖရုံးနှင့် ဓမ္မာရုံကို ဖေါက်ခွဲပစ်ခတ်ခဲ့ရာ စရဖ တပ်ကြပ်တဦး အပါအဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရရှိခဲ့သည်။

ဇွန်လ ၇ ရက်နေ့တွင် နယ်စပ်ငြိမ်းချမ်းရေးအတွက် ထိုင်းအာဏာပိုင်များက မြန်မာအစိုးရတပ်နှင့် နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဗိုလ်အေဝမ်း၏ ဒီကေဘီအေ တပ်ဖွဲ့ဝင်များကို ကြားဝင် ညှိနှိုင်းပေးသော်လည်း ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၆ ကီလိုမီတာရှိ မဲကသာရွာသစ်နှင့် ရွာဟောင်းတွင် စစ်ရေးတင်းမာလျက် ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts