Homeသတင်းအစိုးရသစ် တက်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်ရှိဦးမည်ဟု ND-burma ပြော

အစိုးရသစ် တက်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်ရှိဦးမည်ဟု ND-burma ပြော

-

ရိုင်မရော့-အစိုးရသစ် ပေါ်လာသော်လည်း မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်လက်တည်ရှိနေဦးမည် ဖြစ်ကြောင်း လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် – မြန်မာနိုင်ငံ (ND-burma) က ပြောသည်။

“မြန်မာ့ရွေးကောက်ပွဲ ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ” (Human Right Violation in Burma 2011 election) အမည်ရှိ အစီရင်ခံစာကို ယနေ့ ထုတ်ပြန်ပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲ ပြီးသွားပေမဲ့ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်ရှိနေဦးမှာပဲလို့ ND-burma အနေနဲ့ မြင်တယ်။ ဒါကတော့ ရှင်းပါတယ်။ ဒီရွေးကောက်ပွဲဟာ ပြည်သူတွေကို အကာအကွယ်ပေးနိုင်တဲ့ မျှော်လင့်ချက် ထောက်ခံချက် ဘာတခုမှ ပေးနိုင်မှာ မဟုတ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း တားဆီးပေးနိုင်မှာ မဟုတ်ဘူး” ဟု ND-burma ဘုတ်အဖွဲ့ဝင် Cheery Zahau က ထုတ်ပြန်ကြေငြာချက်မှာ ပြောထားသည်။

ရွေးကောက်ပွဲကာလတလျှောက်နှင့် ရွေးကောက်ပွဲပြီးကာလများ၌ စုဆောင်းရရှိထားသည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အချက်အလက်များကို အခြေခံပြီး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အချက်အလက်များကို ကချင်၊ ချင်း၊ ရှမ်း၊ ကရင်၊ ကရင်နီ၊ မွန်နှင့် ရခိုင်အစရှိသည့် တိုင်းရင်းဒေသများနှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအတွင်း ကောက်ခံခဲ့ခြင်း ဖြစ်သည်။

“တချို့အမြင်တွေမှာတော့ မြန်မာနိုင်ငံမှာ ကျင်းပသွားတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ဖော်ဆောင်ဖို့အတွက် ပထမခြေလှမ်း ဖြစ်တယ်လို့ ပြောကြတယ်။ ကျနော်တို့က ပြည်သူတွေဆီက ကောက်ခံရရှိထားတဲ့ အချက်အလက်ကို အခြေခံပြီးတော့ ဒီရွေးကောက်ပွဲ ရလဒ်ဟာ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဦးမှာပဲ၊ ပြည်သူတွေ လွတ်လပ်ခွင့် မရှိပဲ ဆက်ပြီး အမှောင်ချခံနေရဦးမှာပဲလို့ ပြောရခြင်း ဖြစ်တယ်’’ ဟု ND-burma မှ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ဝင် နိုင်အွန်းမွန်က ပြောသည်။

ယခု တက်လာသည့် အစိုးရသစ်သည် ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ထားသည့် အစိုးရမဟုတ်ပဲ လိမ်လည်မှု အဓမ္မပြုမှုကြောင့် တက်လာသည့် အစိုးရ ဖြစ်သည့်အတွက် ယခင်စစ်အစိုးရအတိုင်းသာ ဆက်လက်အုပ်ချုပ်လိမ့်မည်ဟု နိုင်အွန်းမွန်က ဆက်ပြောသည်။

ND-burma အနေနှင့် ရွေးကောက်ပွဲ မတိုင်မီကာလ ၂၀၁၀ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အခြေခံပြီး “လူ့အခွင့်ရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ” အမည်ရှိ အစီရင်ခံစာကို ထုတ်ဝေခဲ့သေးသည်။

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် – မြန်မာနိုင်ငံ (ND-burma) ကို ၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို ပူးပေါင်းမှတ်တမ်း ပြုစုရန်အတွက် အဖွဲ့ ၁၂ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts