Homeသတင်းထားဝယ်ခရိုင်မှ ဒုက္ခသည်များ ရိက္ခာ ပြတ်လပ်

ထားဝယ်ခရိုင်မှ ဒုက္ခသည်များ ရိက္ခာ ပြတ်လပ်

-

မိလရီထော – ယမန်နှစ် မေလမှ စ၍ စစ်အစိုးရမှ ဆန်တင်သွင်းခွင့် ပိတ်လိုက်သည့်အတွက် တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှ ဒုက္ခသည်စခန်းမှ ပြည်သူများ ရိက္ခာပြတ်လပ်နေကြောင်း သိရသည်။

ရိက္ခာဆန် ပြတ်လပ်နေသည့်အတွက် ဒုက္ခသည်အချို့မှာ ဆန်ပြုပ်သောက်နေရကြောင်း မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီဝင် တဦးက တွေ့မြင်ခဲ့ရသည်ကို ပြန်လည် ပြောပြသည်။

ဆန်တင်သွင်းခွင့် မရှိသည့်အတွက် မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီကလည်း ယခုနှစ်တွင် ဒုက္ခသည်များကို ဆက်လက်ကူညီရန် အခက်အခဲကြုံနေရပြီး နည်းလမ်းရှာလျက် ရှိသည်။ ဆန်မဝေငှနိုင်သည့်အတွက် ငွေကြေးထောက်ပံ့မည့် အစီအစဉ် ရှိကြောင်း သိရသည်။

“တကယ်လို့ ဆန်ဝေရင် ဒုက္ခသည်တွေအတွက် အခက်အခဲ မရှိဘူး၊ ငွေကြေးထောက်ပံ့ရင် လွယ်လွယ်နဲ့ ကုန်သွားလိမ့်မယ်” ဟု မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ အတွင်းရေးမှူး နိုင်ဗညားအိန်က ပြောသည်။

ယခင်နှစ်များတွင် ဒုက္ခသည်များအား တနှစ် သုံးကြိမ် ဆန်ဝေငှပေးပြီး တကြိမ်လျှင် တဦး၊ တနှစ် ဆန်တအိတ် ရရှိသည်။ ဆန်တအိတ်လျှင် ၂ သောင်းကျပ်ကျော် ဝယ်ယူရသည့်အတွက် ငွေကြေးထောက်ပံ့မည့် အစီအစဉ် အကောင်အထည်ပေါ်ပါက၂ သောင်းကျပ် ဝန်းကျင် တလုံးတခဲတည်း ထောက်ပံ့နိုင်လိမ့်မည်ဟု သူက ခန့်မှန်းသည်။

သို့သော်လည်း အလှူရှင်များထံမှ အထောက်အပံ့ မရရှိသေးသည့်အတွက် မည်မျှထောက်ပံ့မည်ကို မဆုံးဖြတ်ရသေးကြောင်း သူက ဆက်ပြောသည်။

ထားဝယ်ခရိုင်သို့ ရိက္ခာဆန် တင်ပို့ပါက မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ် မလွှဲတောင် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ရပြီး ဂိတ်မှ ကားတစီးလျှင် ဆန် ၂ အိတ်သာ တင်ခွင့် ပေးသည့်အတွက် ယခုကဲ့သို့ အခက်အခဲ ကြုံရခြင်း ဖြစ်သည်။

ဒုက္ခသည်များမှာ ရိက္ခာဆန်ကို ၁၀ မိုင်ကျော် ဝေးသည့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရားဖူးကျေးရွာမှ ဝယ်ယူကြရပြီး ရားဖူးအခြေစိုက် ခလရ ၁၀၃ မှ တွေ့ရှိပါက သယ်ယူခွင့် မပြုပေ။

ထားဝယ်ခရိုင် ဒုက္ခသည်စခန်းတွင် ကျေးရွာ ၄ ရွာနှင့် နေရပ်ရင်း စွန့်ခွာ ထွက်ပြေးလာသည့် ဒုက္ခသည်ရွာ တရွာ ပါဝင်ပြီး ဒုက္ခသည် ၂၅၀၀ ခန့် ရှိသည်။

ဒုက္ခသည်များမှာ တောင်ယာစိုက်ပျိုးမှုဖြင့် အသက်မွေးကြပြီး မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီမှ ဆန်အထောက်အပံ့ကို အားကိုကြရသည်။ သို့သော်လည်း ဝမ်းစာအတွက် မလောက်ငှကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts