Homeသတင်းမွန်ပြည်နယ် ရာဘာစျေး သုံးပုံတပုံကျ

မွန်ပြည်နယ် ရာဘာစျေး သုံးပုံတပုံကျ

-

ရိုင်မရော့-ယခုလဆန်းပိုင်းတွင် ရာဘာစျေး စတင်ကျဆင်းခဲ့ရာမှ ယခုလလည်တွင် သုံးပုံတပုံထိ ကျဆင်းသွားကြောင်း ရာဘာအရောင်းအဝယ် လုပ်သူတို့က ပြောသည်။

ယခင်ရာဘာစျေး တပေါင် ၁၈၀၀ ကျပ်ရှိရာမှ ယခု ၁၂၀၀ ကျပ်သာ ရှိပြီး စျေးအေးလျက် ရှိသည်။

“နှစ်ပတ်အတွင်းမှာ ရာဘာစျေးက ထက်ဝက်နီးပါး ကျသွားတာ၊ ခုထိတော့ စျေးအေးနေတုန်းပဲ၊ ဒါပေမဲ့ ဆက်တက်ဖို့တော့ ရှိတယ်” ဟု မုဒုံမြို့ပေါ်ရှိ ရာဘာအရောင်းအဝယ် လုပ်သူတဦးက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်မှ ရာဘာလုပ်သား
မွန်ပြည်နယ် ရေးမြို့နယ်မှ ရာဘာလုပ်သား

ရာဘာ ခြံရှင်များနှင့် အဝယ်ဒိုင်များက စျေးပြန်တက်လိမ့်မည်ဟု မျှော်လင့်နေကြပြီး သိုလှောင်ထားကြောင်း သူက ပြောသည်။

“ဝယ်တဲ့လူတွေကတော့ ဝယ်တုန်းပဲ၊ ပြန်တက်လာရင်ကောင်းတာပေါ့။ ကျမတို့က ရာဘာကိုပဲ အားကိုးနေရတယ်လေ” ဟု မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာမှ ရာဘာခြံပိုင်ရှင် မိမြင့်က ပြောသည်။

နှစ်စဉ် မတ်လရောက်ချိန်တွင် ရာဘာစျေး ကျဆင်းလေ့ ရှိပြီး သင်္ကြန်လွန် ဧပြီလကုန်ခန့်တွင် စျေးပြန်တက်လေ့ ရှိသည်။

ရာဘာသည် မွန်ပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းတခု ဖြစ်ပြီး ရာဘာကြောင့် လူနေမှုအဆင့်အတန်းလည်း မြင့်တက်လာကြောင်း သံဖြူဇရပ်မြို့နယ်မှ ရာဘာခြံရှင်တဦးက ပြောသည်။

မွန်ပြည်နယ်တွင် ရာဘာအများဆုံး စိုက်ပျိုးပြီး၊ တနိုင်ငံလုံးရှိ ရာဘာစိုက်ဧက၏ ၃၇ ဒဿမ ဝ၆ ရာခိုင်နှုန်း ရှိသည်။ ၁၉၈၈ မတိုင်မီ စိုက်ဧက ၇၆,၆ဝ၇ ဧက ရှိရာမှ ၂ဝဝ၉-၂ဝ၁ဝ တွင် ၄၂၃,၆၉၂ ဧကထိ တိုးလာပြီး၊ ၂၂ နှစ်အတွင်း စိုက်ဧက ၅ ဆကျော် တိုးလာကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့ အာဘော်တွင် ဖော်ပြထားသည်။

နယ်မှ ရာဘာ များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ရာဘာကုမ္မဏီသို့ တင်သွင်းကြပြီး ထိုမှတဆင့် နိုင်ငံခြားသို့ တင်ပို့သည်။ တရုတ်နိုင်ငံသို့ အဓိကတင်ပို့ပြီး၊ စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံသို့လည်း တင်ပို့သည်ဟု ပြည်တွင်းထုတ် Weekly-Eleven ဂျာနယ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင်လည်း ရာဘာစျေး ထက်ဝက်ကျော် ကျဆင်းသွားကြောင်း ရာဘာခြံလုပ်သားများက ပြောသည်။

“တပတ်ကျော်ကျော်လောက်က စျေးကျသွားတာ၊ ခုဆို တကီလို ၉၀ ဘတ်ပဲ ကျန်တော့တယ်၊အရင်ကဆို ၁၈၀-၁၉၀ ဘတ်ထိ စျေးကောင်းတာ” ဟု ထိုင်းနိုင်ငံတောင်ပိုင်း ဆူရပ်ဌာနီခရိုင်မှ ရာဘာခြစ်လုပ်သား နိုင်အောင်ရွတ်က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts