Homeသတင်းနအဖနှင့် ကေအင်ယူတိုက်ပွဲတွင် ကားသမား ၂ ဦး သေဆုံး

နအဖနှင့် ကေအင်ယူတိုက်ပွဲတွင် ကားသမား ၂ ဦး သေဆုံး

-

သူရိန်၊ ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် အပလုံကျေးရွာအနီးတွင် စစ်အစိုးရတပ်နှင့် ကေအင်ယူတပ်ဖွဲ့တို့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကားသမား ၂ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

နအဖ တပ်သားနဲ့ လက်နက်ကြီး


သေဆုံးသူများမှာ သံဖြူဇရပ်မြို့မှ ချောဆွဲခံရသည့် ကားသမားများဖြစ်ပြီး ဘုရားသုံးဆူမြို့ အနောက်ဘက် ကီလိုမီတာ ၃၀ ခန့်ရှိ အပလုံကျေးရွာအနီးတွင် အနန်းကွင်းအခြေစိုက် ခမရ ၅၆၆ တပ်ရင်းနှင့် ကေအဲန်ယူ တပ်ရင်း (၁၆) ခွဲ (၂) တို့ တိုက်ပွဲတွင် ထိခိုက်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

ကားသမားနှစ်ဦး သေဆုံးသွားပြီးနောက် ကားသမား ငှားရန်အတွက် ခမရ (၄၀၂) တပ်ရင်း စစ်ကြောင်းနှင့် ခမရ (၄၀၆) တပ်ရင်း စစ်ကြောင်းများက ချောင်းဆုံကျေးရွာတွင် မော်တော်ကားရှိသည့် နေအိမ်များကို တစ်အိမ်လျှင် (၅၀၀) ဘတ်နှင့် ကျန်သောနေအိမ်များကို ဘတ် (၅၀) လိုက်လံကောက်ခံနေကြောင်း ဘတ်ငွေ (၁၂၅၀၀) ခန့် ကောက်ခံရရှိထားကြောင်း ချောင်းဆုံရွာသူတဦးက ပြောသည်။

ချောင်းဆုံကျေးရွာတွင် အိမ်ခြေ (၁၆၀) ခန့်ရှိပြီး မော်တော်ကားရှိသည့် အိမ် (၁၀) အိမ်ခန့် ရှိသည်။
ခမရ (၄၀၂) စစ်ကြောင်းနှင့် ခမရ (၄၀၆) စစ်ကြောင်းသည် ကမ်းရိုးတမ်း စစ်ဌာနချုပ် စကခ (စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ်) ၈ အောက်တွင် ရှိသည်။

ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင်လည်း ဘုရားသုံးဆူမြို့နယ် ကျုံမိပြင်ကျေးရွာနှင့် ဘုရားတောင်ကျေးရွာကြားတွင် ခမရ (၄၀၆) တပ်ရင်း စစ်ကြောင်းနှင့် ဒု-ဗိုလ်မှူးကြီး စောအေဝမ်း ဦးစီးသည့် ဒီကေဘီအေ (၉၀၆) တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

၎င်းတိုက်ပွဲကြောင့် အိမ်ခြေ (၆၀) ခန့်ရှိသည့် ဘုရားတောင်ကျေးရွာမှ ရွာသူ ရွာသားများ ဇန်နဝါရီလ (၂၉) ရက်နေ့မှစ၍ နီးစပ်ရာ ဘုရားသုံးဆူမြို့နှင့် ချောင်းဆုံကျေးရွာသို့ ပြောင်းရွှေ့ခဲ့ကြကြောင်း အထက်ပါ ချောင်းဆုံရွာသူက ပြောသည်။

ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ဘုရားသုံးဆူရှိ ခလရ ၂၈၃ ရှေ့တန်းတပ်ရင်းက တပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ရန်အတွက် ဘုရားသုံးဆူဒေသရှိ မော်တော်ကားများကို ချောဆွဲနေပြီး ချောဆွဲမခံလိုသည့်ကားများ တိမ်းရှောင်နေကြသည့်အတွက် သုံးဆူမြို့ရှိ ကားပိုင်ရှင်များကို ခေါ်၍ ဆယ်ဘီးကား ၂ စီး ငှားရန်အတွက် ကားရှင်တဦးကို ထိုင်းငွေ (၂၂၀၀) ဘတ် ကောက်ခံနေကြောင်း ကားသမားတဦးက ပြောသည်။

သေဆုံးသွားသူ ကားသမားနှစ်ဦးမှာ လျော်ကြေးမှ မရရှိသေးကြောင်း ကားသမားအသိုင်းအဝိုင်းမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts