နိုဝင်ဘာ (၇) ရက် ၂၀၁၀ ခုနှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ မွန်ပြည်သူ့မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့၏ ထင်ရှားသောမဲဆန္ဒရှင်ကို ဖော်ထုတ်လိုက်ပြီး ဖြစ်သည်။ အကယ်၍ ကြိုတင်မဲ၊ ကလိမ်ကကျစ်မဲများမရှိပါက မွန်ပြည်နယ်တွင် ကြံံ့ခိုင်ရေးပါတီထက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ အနိုင်ရရှိသွားမည် ဖြစ်ပေသည်။
အဘယ်ကြောင့် မွန်ပြည်သူလူထုများအနေဖြင့် ၎င်းတို့၏ စစ်မှန်သောဆန္ဒများကို ဖော်ထုတ်ရပါသနည်း။ ၎င်းတို့၏ စစ်မှန်သောဆန္ဒများကာ မည်သည့်အရာတွေနည်း။ ၎င်းတို့၏ဆန္ဒအပေါ် စမကြာမီပေါ်ပေါက်လာမည့် အစိုးရသစ်က မည်သို့ဖြည့်ဆည်းပေးနိုင်သနည်း။
မွန်လူမျိုးတို့သည် နှစ်ပေါင်းထောင်ချီ တည်တန့်ခဲ့သောသမိုင်းကြောင်း၊ ထယ်ဝါခန့်ညားခဲ့သော ၎င်းတို့၏ စာပေယဉ်ကျေးမှုအဆင့်တန်း၊ အရှေ့တောင်အာရှနိုင်ငံများတွင် ဗုဒ္ဓသာသနာထွန်းကားနိုင်သော စွမ်းဆောင်ခဲ့သည်။ သက်သေများရှိခဲ့သည့် မွန်လူမျိုးများမှာ ပျူလူမျိုးကဲ့သို့ အမျိုးသုန်းသွားမည်ကိုအလွန်ကြောက်ပေသည်။ ထို့ကြောင့် မွန်သံဃာတော်များ မွန်အမျိုးချစ်ပုဂ္ဂိုလ်များမှ အမျိုး၊ ဘာသာ၊ သာသနာမပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ မြန်မာနိုင်ငံလွတ်လပ်ရေး မရရှိမီကတည်းက ဖြစ်ပေသည်။
လွတ်လပ်ရေးရရှိပြီးသည့်နောက်ပိုင်း မွန်ဒေသနှင့် တက္ကသိုလ်ကောလိပ်များတွင် မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းများ ပေါ်ပေါက်ခဲ့ပေသည်။ ထိုစာပေနှင့် ယဉ်ကျေးမှုအသင်းများကား ယခုထက်တိုင် တည်တန့်ခိုင်မြဲဆဲဖြစ်ပေသည်။ အဆက်ဆက်သော စစ်အစိုးတို့၏ ဖိနှိပ်မှုအောက်တွင် မိမိတို့၏ စာပေယဉ်ကျေးမှု မပပျောက်အောင် ရုန်းကန်လှုပ်ရှားခဲ့ပေသည်။ ထို့ကြောင့် မကြာမီ မွန်ပြည်နယ်တွင် အာဏာရရှိလာမည့် အစိုးရအနေဖြင့် မွန်တို့၏ “အမျိုးသားလက္ခဏာ၊ စာပေနှင့် ယဉ်ကျေးမှုမပပျောက်ရေး” ဆိုသည့်ဆန္ဒကို ဖြည့်ဆည်းပေးရမည်။
ထိုဆန္ဒအား ဖြည့်ဆည်းရာတွင် မွန်စာပေနှင့် စကား ဖွံ့ဖြိုးရေးနှင့် မွန်စာပေနှင့် စကားကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် အားပေးရပေမည်။ မွန်ကျေးရွာများအတွင်းရှိ အစိုးရကျောင်းများတွင် မွန်စာပေကို တရားဝင် သင်ကြားနိုင်အောင် မွန်ပြည်နယ်အစိုးရမှ ဥပဒေနှင့် ပြဋ္ဌာန်းသင့်ပေသည်။ အစိုးရကျောင်းများ၌ မွန်စာပေသင်ကြားမှုစနစ်ကို ဖဆပလ ဦးနုလက်ထက်၌ ပြဋ္ဌာန်းပြီး ဖြစ်ပေသည်။
မွန်လူမျိုးအများအပြားကား၊ အစိုးရကျောင်းများတွင် အထက်တန်းကျောင်းအထိ ကျောင်းနေသည့် ရာခိုင်နှုန်းနည်းပါးလှပေသည်။ ထို့အပြင် ၎င်းတို့၏ နေ့စဉ်ဒူဝကိစ္စများတွင် “ဗမာစကား” ထက် “မွန်စကား” ကို အသုံးများပေသည်။ ထို့ကြောင့် မွန်လူမျိုးများ အထူးသဖြင့် တောရွာဒေသတွင် နေထိုင်သည့် မွန်ရွာသားများမှာ တရားရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စများတွင် ရုံကနားသို့ သွားရသည့်အခါ နောက်ဆုတ် နောက်တွန့်တတ်ကာ ဘာသာစကားကြောင့် တပန်းရှုံးပြီးဖြစ်ပေသည်။ ထို့ကြောင့် မွန်ပြည်နယ်အစိုးရအနေဖြင့် တရားရုံး၊ အစိုးရရုံးများတွင် မွန်ဘာသာစကားအသုံးပြုနိုင်အောင် ဆောင်ရွက်သင့်ပေသည်။ မွန်ဘာသာပြန်များငှားရမ်းအသုံးပြုနိုင်အောင် ဆောင်ရွက်သင့်ပေသည်။
မွန်ပြည်နယ်တွင် သံယံဇာတ အမျိုးစုံ၊ ကြီးမားကျယ်ပြန့်သော လယ်ယာစိုက်ပျိုးရေးနှင့် ရာဘာခြံခင်းရှိသော််ငြားလည်း၊ မွန်ပြည်နယ်တွင် ဖွံ့ဖြိုးရေး အောက်ကျ နောက်ကျဆဲရှိနေပေသည်။ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ စက်ရုံအလုပ်ရုံ တည်ဆောက်ပြီး အလုပ်လက်မဲ့များ လျော့ချရေး၊ ရေနှင့် လျှပ်စစ်မီးရရှိရေးတို့အတွက် အစိုးရသစ်မှ ဆောင်ရွက်ရမည်ဖြစ်ပေသည်။ အစိုးရမှ ကိစ္စအားလုံးအား မဆောင်ရွက်နိုင်ပါက ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းသင့်ပေသည်။ ၎င်းတို့အား ခွင့်ပြုချက်ပေးထားကာ အစိုးရအား လုပ်ကိုင်နိုင်အောင် အားပေးရပေမည်။
တက်ရောက်လာမည့် မွန်ပြည်နယ်အစိုးရအသစ်အနေဖြင့် မွန်ပြည်သူတို့၏ အသဲကြားက မဲတပြား၏ဆန္ဒကို တန်ဖိုးထားသင့်ပေသည်။ သို့မဟုတ်ပါက အစိုးရအသစ်အနေဖြင့် ကိုယ်ကျိုးရှာရန်သာ အာဏာကို တလွဲအသုံးပြုမည်ဆိုပါက ပြည်သူလူထုတို့၏ တံထွေးခွက်တွင် မျောသွားနိုင်ကြောင်း တင်ပြလိုက်ရပေသည်။