Homeသတင်းနအဖတပ်နှင့် ဒီကေဘီအေ တိုက်ပွဲအကြား သေဆုံးသူ များပြား

နအဖတပ်နှင့် ဒီကေဘီအေ တိုက်ပွဲအကြား သေဆုံးသူ များပြား

-

ဂျူရီချိုင်း – ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ နံနက် (၈) နာရီ (၄၀) မိနစ်ခန့်က နအဖနှင့် ဒီကေဘီအေတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်သူအများအပြား သေဆုံးမှုရှိကြောင်း ဒေသခံတို့က ပြောသည်။

သေဆုံးသူများမှာ မြဝတီ မြို့သူ/သားများ ဖြစ်ကြပြီး (၅) ဦးထက်မနည်း သေဆုံးက (၂၀) ဦးထက်မနည်း ဒဏ်ရာ ရရှိထားကြောင်း၊ သေဆုံး ဒဏ်ရာရသူ စစ်သားများလည်း ရှိကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။

“အခုထိ သေနတ်သံတွေ ကြားနေရသေးတယ်၊ အပြင်မထွက်ရဲသေးဘူး” ဟု နံနက် (၁၁) နာရီခန့်တွင် ၄င်းက ပြောသည်။

တိုက်ပွဲကြောင့် မြို့အတွင်းရှိ နေအိမ်များ တံခါးမဖွင့်ရဲကြကြောင်း၊ လမ်းထွက်သွားလာသူများကို ပစ်မိန့် ထုတ်ထားသည် ဟူသော သတင်းကြောင့် မည်သူမျှ လမ်းမထွက်ရဲကြကြောင်း ၎င်းက ပြောသည်။

ဒီကေဘီအေတပ်ဖွဲ့ ခေါင်းဆောင်အချို့က နယ်ခြားစောင့်တပ် လက်ခံလိုက်ခြင်းကို တပ်ဖွဲ့ဝင်များက လက်မခံနိုင်သဖြင့် စစ်အစိုးရတပ်ဆင် ပေးထားသော နယ်ခြားစောင့် တံဆိပ်များကို ဖြုတ်ပြီး ယမန်နေ့မှ စ၍ မြဝတီမြို့ကို ဝိုင်းထားခဲ့ရာမှ ယနေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့ရှိ မွန်ပြည်သစ် ပါတီဝင် တစ်ဦးက ပြောသည်။

ဒီကေဘီအေတပ်ဖွဲ့နှင့်အတူ ကေအန်ယူတပ်ဖွဲ့ အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့များက ဒီကေဘီအေတပ်ဖွဲ့ကို ကူညီတိုက်ခိုက်ပေးခဲ့ကြောင်း ဒီကေဘီအေနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

မြဝတီမြို့ တိုက်ပွဲကြောင့် တစ်ဖက် ထိုင်းနိုင်ငံ မဲဆောက်ဖက်သို့ လက်နက်ကြီးများ ကျခဲ့ပြီး ထိုင်းစစ်သားများကလည်း လုံခြုံရေး ချထားကြောင်း သိရသည်။

တိုက်ပွဲကြောင့် မဲဆောက်မြို့သို့ စစ်ပြေးဒုက္ခသည် တစ်သောင်းကျော် ရောက်ရှိလာကြောင်း ဒုက္ခသည်များအား အကူအညီ ပေးနေသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts