spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံ အရှည်ဆုံးသစ်သားတံတား ပြန်လည်ပြင်ဆင်မှု ပြီးစီးတော့မည်

    ထိုင်းနိုင်ငံ အရှည်ဆုံးသစ်သားတံတား ပြန်လည်ပြင်ဆင်မှု ပြီးစီးတော့မည်

    -

    ဝင်းကရွာရှိ ထိုင်းနိုင်ငံ အရှည်ဆုံးသစ်သားတံတား

    မင်းတော်လဝီ – ပြန်လည်ပြုပြင်လျက် ရှိသည့် ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သားတံတားမှာ လေးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သဖြင့် မကြာမီ ပြီးစီးတော့မည် ဖြစ်သည်။

    ကန်ချနပူရီခရိုင် စံခလပူရီမြို့ (ဝင်္ကကျေးရွာ) ရှိ မီတာ (၄၀၀) ကျော် ရှည်သည့် ၄င်းသစ်သားတံတားကို တစ်နှစ်နှင့် လေးလကျော်ကြာ ပြန်လည်ပြုပြင် ဆောက်လုပ်ခဲ့ပြီး ဆက်လက်ပြုပြင်ရန် မီတာ (၁ဝဝ) ခန့်သာ ကျန်ရှိတော့သည်။ ယခင်တံတားဟောင်းက (၁၅) မီတာခန့် ကောက်နေသည့် နေရာကိုလည်း ပြန်ဖြောင့်ထားသည်။

    “တံတားက နှစ် (၂ဝ) ကျော်ကတည်းက ဆောက်ထားတော့ ကြံ့ခိုင်မှု မကောင်းတော့လို့ အခုလို အကြီးစား ပြုပြင်မှုမျိုး လုပ်ရတာပါ’’ ဟု တံတားပြပြင် တည်ဆောက်ရေးအဖွဲ့မှ ဗိသုကာဆရာ နိုင်ဂျိတ် က ပြောသည်။

    ချောင်းဧရိယာအတွင်းတွင် စိုက်ထူထားသည့် တိုင်များကို ယခင်တံတားဟောင်းကဲ့သို့ မတ်မတ် စိုက်ထူခြင်း မဟုတ်ပဲ တံတားယိမ်းယိုင်သွားခြင်း မရှိအောင် ကျားကန်ပြီး စိုက်ထူထားကြောင်း နိုင်ဂျိတ်က ပြောသည်။

    တံတားကို ပြန်လည်ပြုပြင်ရာတွင် စက်ကိရိယာများကို အသုံးပြုခြင်း မရှိပဲ ရှေးနည်းအတိုင်း လူအင်အားနှင့် လက်မှုနည်းပညာများဖြင့်သာ ဆောက်လုပ်နေသည့်အတွက် တံတားကို လာရောက်လေ့လာသည့် ဧည့်သည်များ အထူးစိတ်ဝင်စားကြကြောင်း တံတားအနီးတွင် နေထိုင်သူ အသက် (၇၅) နှစ်အရွယ်ရှိ နိုင်ပိုင်က ပြောသည်။

    “ဗိသုကာအဖွဲ့ကိုယ်တိုင် လုပ်ထားတဲ့ ကြိုးကရိန်းနဲ့ တိုင်ထူတာကို ဧည့်သည်တွေ သိပ်စိတ်ဝင်စားတယ်” ဟု သူက ပြောသည်။

    ယခင်က အနည်းငယ်ပြုပြင်မှုများ ရှိခဲ့သော်လည်း ယခုပြုပြင်မှုသည် ပထမအကြိမ် အကြီးစား ပြုပြင်မှု ဖြစ်ပြီး သစ်မာများကိုသာ အသုံးပြုထားကြောင်း တံတားပြုပြင်ရေး အဖွဲ့ခေါင်းဆောင် နိုင်ဂျပန် က ပြောသည်။

    “တံတားအဟောင်းက ပျဉ်းကတိုးသစ်က လွဲရင် တခြားသစ်တွေ တော်တော်ဆွေးသွားတယ်၊ အခုပြန်ပြင်တဲ့အခါ ပျဉ်းကတိုးသစ်သက်သက်ကိုပဲ သုံးထားတော့ နှစ်ပေါင်း ၃ဝ နဲ့ ၄ဝ လောက် တာရှည်ခံနိုင်မယ်လို့ ရည်ရွယ်ထားတယ်” ဟု သူက ပြောသည်။

    ယခုတံတား ပြုပြင်ရာတွင် အသုံးပြုသည့် ပျဉ်းကတိုးသစ်များမှာ ကန်ချနဘူရီဆည် ဆောက်လုပ်စဉ်က နှစ်ပေါင်း (၂၀)  ကျော် ရေအောက်နစ်မြုပ်နေသော သစ်များ ဖြစ်ပြီး အကာမရှိဘဲ အနှစ်များသာ ရှိသည့်အတွက် တံတားကို ပိုမိုခိုင်ခန့်စေမည် ဖြစ်ကြောင်း၊ ၄င်းသစ်များကို ထိုင်းသစ်တောဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရယူအသုံးပြုခဲ့ကြောင်း တံတားပြုပြင်ရာတွင် ပါဝင်သူတဦးက ပြောသည်။

    ၄င်းသစ်တံတားတွင် တိုင်ပေါင်း (၃၁၅) ခန့် ရှိသည်။ ရေနက်ပိုင်း၌ တိုင်များကို ဆက်ထားရသည့်အတွက် သစ်လုံးပေါင်း (၁၂၀၀) ခန့် အသုံးပြုရမည် ဖြစ်ပြီး သစ်သား တန်ချိန် (၇ဝဝ) ခန့် ကုန်နိုင်မည်ဟု ခန့်မှန်းထားကြောင်း လာမည့်တပေါင်းလ (၂ဝ၁၁ ခုနှစ် မတ်လ) တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း နိုင်ဂျိတ်က ပြောသည်။

    ဝင်္ကချောင်း (စံခလယ်ချောင်း) ကို ဖြတ်ပြီး မွန်ဘက်ကမ်းနဲ့ ထိုင်းဘက်ကမ်းကို ဆက်သွယ်ထားသည့် ၄င်းသစ်သားတံတားရှည်ကို ဝင်းကဆရာတော်ဘုရားကြီး အရှင်ဥတ္တမ က ဦးဆောင်၍ သာသနာ သက္ကရာဇ် (၂၅၂၈) ခုနှစ် ခရစ်နှစ် (၁၉၈၅) ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ ချောင်းရေလယ်တိုင်မှ တံတားခင်းပျဉ်ပေါ်ထိ မီတာ ၃ဝ ခန့် မြင့်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks