Homeသတင်းကျောင်းသားများ အင်တာနက်ဖြင့် အခက်အခဲဖြစ်

ကျောင်းသားများ အင်တာနက်ဖြင့် အခက်အခဲဖြစ်

-

မော်လမြိုင်တက္ကသိုလ် ပင်မဆောင်

ကျလွန်းထော။  ။မော်လမြိုင်တက္ကသိုလ်ကျောင်းသူ/သားများ အဓိကမေဂျာအလိုက် လက်တွေ့ရှာဖွေသည့်စာတမ်းတစ်ခုကို အင်တာနက်တွင် ရှာဖွေရသည့်အတွက် ကျောင်းသူ/သားမျာ အခက်အခဲဖြစ်နေသည်ဟု သိရသည်။

အင်တာနက်တွင် ပထမဦးဆုံး ရှာဖွေရသည့်အတွက် မည်သို့လုပ်ကိုင်ရမည်ကို မသိသည့်အပြင် လိုင်းမကောင်းသည့်အတွက် ကွန်နက်ရှင်ခဏခဏကျသည်ဟု တတိယနှစ် ဓာတုဗေဒ ကျောင်းသားတစ်ဦးက ဆိုသည်။

“ဆရာမပေးတဲ့ ခေါင်းစဉ်ကို ရိုက်ထည့်လိုက်တော့ အများကြီးပေါ်လာတယ်၊ ဘယ်ဟာယူလို့ ယူရမလည်းတောင်မသိဘူး၊ တချို့ဟာတွေက ကျတော်တို့လည်း နားမလည်ဘူး၊ ရှာနေတုန်း အင်တာနက်ကျသွားတာလည်းရှိတယ်၊ ပြီးခဲ့တဲ့နှစ်တွေ တစ်ခါမှမလုပ်ဖူးဘူး၊ အင်တာနက်မှာရှာပြီး လုပ်ရတာ ဒါပထမဦးဆုံးပဲ” ဟု ဓာတုဗေဒကျောင်းသားက ပြောသည်။

ကျောင်းတွင်းရှိ ကွန်ပျူတာများကို ကျောင်းသားများ သုံးစွဲပိုင်ခွင့်မရှိသည့်အတွက် ပြင်ပဆိုင်များတွင် လုတက်နေရကြောင်း၊ လျှပ်စစ်မီးမမှန်သည့်အတွက် အင်တာနက်အတက်အကျမမှန်ကြောင်းနှင့်  အင်တာနက်သုံးတတ်သည့် တက္ကသိုလ်ကျောင်းသား အနည်းအကျဉ်းသာ ရှိသည့်အတွက် ထိုသို့ရှာဖွေရာတွင် အခက်အခဲကြုံရသည်ဟု အဆိုပါကျောင်းသားက ပြောသည်။

ထိုသို့ ရှာဖွေရန် တစ်ဖွဲ့လျှင် ကျောင်းသား (၁၀) ဦး ဖွဲ့စည်းထားပေးပြီး သတ္တဗေဒကျောင်းသားများက တိရိစ္ဆာန်များကို ခွဲစိတ်ခြင်းနှင့် အင်တာနက်တွင်ရှာဖွေခြင်းများ ပြုလုပ်ပေးရသည်။ အခြားမေဂျာဘာသာရပ်မှ ကျောင်းသူ/သားများလည်း ၄င်းတို့မေဂျာအလိုက် လက်တွေ့လုပ်ဆောင်ချက်များ ပြုလုပ်ပေးရသည်။

“ဒီနှစ်က စည်းကမ်းတင်းကြပ်တာများတယ်၊ ဒီလိုလက်တွေ့ လုပ်ဆောင်ရတာကလည်း ဒီနှစ်မှစတာလေး၊ ပါမေက္ခတွေပြောတာတော့ ကျောင်းတာပြီးသွားတယ် ဘာမှလက်တွေ့မရှိလို့ ဒီလိုမျိုး ကျောင်းသားတွေကို လက်တွေ့လုပ်ခိုင်းဖို့ အထက်က လာညွှန်းကြားသွားတာ” ဟု နောက်ဆုံးနှစ် (Zoology ) သတ္တဗေဒ ကျောင်းသူတစ်ဦးက ပြောသည်။

ဓါတုဗေဒ တတိယနှစ်ကျောင်းသားက “ကျတော်တို့လို chemistry သမားတွေဆိုရင် အတိုင်းပိုင်ဆရာမက Sodium Silicate (Na2 SiO3) ခေါင်းစဉ်ပေးထားတယ်၊ အဲဒါကို အင်တာနက်မှာ ရှာပြီးရင် ဆရာမကို တင်ပြပေးရတယ်၊ ပြီးတော့ သူမေးတာကို ပြန်ဖြေပေးရတယ်၊ ရှာတာနဲ့ စုပြီး ပြန်လုပ်တာ (၃) ပတ်လောက်ကြာသွားတယ်၊ အခု ကျတော်တို့အဖွဲ့ အတန်းပိုင်ဆရာမကို ပေးပြီးသွားပြီး ဆရာမတော့ ဘာမှမပြောရသေးဘူး” ဟု ပြောသည်။

မေဂျာအလိုက် လက်တွေ့လုပ်ရသည်မှာ ကျောင်းသားများအတွက် ပညာပိုင်းတွင် ကျွမ်းကျင်မှုပိုများလာသော်လည်း အင်တာနက်ဆိုင် မလုံလောက်သည့်အတွက် အခက်အခဲ ဖြစ်စေသည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးက ဆိုသည်။

“ကျောင်းအင်တာနက်က ကျောင်းဆရာတွေ ပါမေက္ခတွေလောက်ပဲ သုံးရတာ၊ ကျောင်းသားတွေ အားလုံးက အပြင်ဆိုင်မှာပဲသုံးရတာပေါ့၊ အခုလို ကျောင်းသားတွေ အင်တာနက်မှာရှာပြီး ပြန်ရှင်းပြရတယ်ဆိုတာ သူတို့အရည်းအချင်းတွေ ပေါ်လာတာတော့မှန်တယ်၊ ဒါပေမယ့် ပြဿနာက အင်တာနက်ဆိုင် မလုံလောက်ဘူး၊ တချို့ကျောင်းသားတွေကျတော့ အင်တာနက် မသုံးတတ်ဘူး၊ ကျောင်းသားတွေ ငြီးနေတာ ကြားနေရတယ်” ဟု ၄င်းက ဆက်ပြောသည်။

မော်လမြိုင်မြို့တွင် အင်တာနက် ၁၀ ဆိုင်ကျော်သာရှိပြီး တစ်ဆိုင်လျှင် ကွန်ပြူတာ ၁၀ လုံးခန့်သာရှိသည်။ တက္ကသိုလ်ကျောင်းသားဦးရေးမှာ ၁ သောင်းနီးပါးရှိသည့်အတွက် အင်တာနက်သုံးဆွဲရန် မလောက်မငှ ဖြစ်ရသည်ဟု ကျောင်းသားများထံမှ သိရသည်။

ဆက်စပ်သတင်း

1 COMMENT

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts