spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းသုံးဆူနယ်စပ်တွင် တောက်တဲ့ စျေးကောင်းပြီး ရှာသူများ

    သုံးဆူနယ်စပ်တွင် တောက်တဲ့ စျေးကောင်းပြီး ရှာသူများ

    -

    ရောင်းချရန်အတွက် ချိန်တွယ်ခံရသည့် တောက်တဲ့တစ်ကောင်

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ ။  ။ တောက်တဲ့ကို စျေးကောင်းပေး ဝယ်ယူနေခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် တောက်တဲ့ရှာသူ အလွန်ပေါများကြောင်း မြို့ခံများက ပြောကြသည်။

    အိမ်နေတောက်တဲ့၊ တောနေတောက်တဲ့ စသည့် မည်သည့်တောက်တဲ့မျိုးကိုမဆို ဝယ်ယူနေပြီး အနည်းဆုံး (၃၀၀) ဂရမ် (၂၀ ကျပ်သားခန့်) ရှိသော တောက်တဲ့ကြီးများကိုသာ ဝယ်ယူကြောင်း၊ အနာအဆာမရှိသော တောက်တဲ့အရှင်ကိုသာ ဝယ်ယူကြောင်း သုံးဆူမြို့မှ တောက်တဲ့ဝယ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

    “လာရောင်းတဲ့လူတွေက အများကြီးပါပဲ့၊ ဒါပေမယ့် သုံးခစ် (၃၀၀ ဂရမ်) ပြည့်တဲ့ တောက်တဲ့တစ်ကောင်ပဲ ရသေးတယ်” ဟု သူမက ပြောသည်။

    (၃၀၀-၄၀၀) ဂရမ်ရှိ တောက်တဲ့တစ်ကောင်ကို ထိုင်းငွေ (၅၀၀၀) ဘတ်၊ ကီလိုဝက် (၅၀၀) ဂရမ် (၃၀ ကျပ်သားကျော်) ရှိပါက (၇၀၀၀) ဘတ် ပေး၍ ဝယ်ယူလျက် ရှိသည်။

    ဘုရားသုံးဆူနယ်စပ်မှ ဝယ်ယူ ရရှိပြီးသော တောက်တဲ့များကို ထိုင်းလူမျိုးများက လက်ရှိဝယ်ယူထားသော စျေးထက် နှစ်ဆပေး၍ ဝယ်ယူကြောင်း တောက်တဲ့ဝယ်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    လာရောက်ဝယ်သူ ထိုင်းလူမျိုးများက တောက်တဲ့အန်ဖတ်သည် HIV/AIDS ရောဂါ ကုသရာတွင် အသုံးဝင်သည်ဟု ဆိုသည်။

    “ကျမတို့မှာ လာဝယ်တဲ့ ထိုင်းတွေ ပြောတာက ဒီက ဝယ်သွားတဲ့ တောက်တဲ့ကြီးတွေကို တစ်နှစ် ပြန်မွေးတယ်၊ နောက်အဲဒီတောက်တဲ့က ရတဲ့ အန်ဖတ်တွေကို ဆေးဖော်တယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

    အနောက်တိုင်း ဆေးပညာအရ တောက်တဲ့ကို HIV/AIDS ရောဂါ ကုသနိုင်သည့် အထောက်အထား မတွေ့ရှိကြောင်း၊ ထိုင်းလူမျိုးများက စားသောက်ဖွယ်ရာအဖြစ် အသုံးပြုလေ့ ရှိကြောင်း ဘုရားသုံးဆူမှ ဆေးပညာရှင်တစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် ဇူလိုင်လလယ်မှ စ၍ ဘုရားသုံးဆူတွင် တောက်တဲ့ကို စတင် ဝယ်ယူနေပြီး အနာအဆာ မရှိသော တောက်တဲ့အရှင်ကို ရရန်အတွက် သံမဏိကြိုးကွင်းပျော့ကို အသုံးပြု၍ ဖမ်းယူရကြောင်း၊ ဖမ်းသူများပြားသည့်အတွက် ယခုသြဂုတ်လဆန်းမှ စ၍ ရဲစခန်းမှ တောက်တဲ့ဖမ်းခြင်း၊ ဝယ်ခြင်းကို တားမြစ်ထားကြောင်း တောက်တဲ့ဖမ်းသူများက ပြောသည်။

    “အရင်ကဆို ရဲတွေလည်း တောက်တဲ့ ဖမ်းရောင်းတာပဲ၊ ဒါပေမယ့် တောက်တဲ့အကြီး ရဖို့လည်း မလွယ်ဘူးလေ၊ သူတို့က ကျနော်တို့လို ဟိုမှာရှာဖမ်း ဒီမှာရှာဖမ်း လုပ်ဖို့လည်း မဖြစ်နိုင်ဘူးလေ၊ ဝယ်တဲ့လူတွေဆီက အကောက်မရလို့ ပိတ်လိုက်တာပဲ ဖြစ်မယ်” ဟု တောက်တဲ့ဖမ်းသူတစ်ဦးက ပြောသည်။

    တောက်တဲ့သည် သွေးအေးသတ္တဝါတစ်မျိုး ဖြစ်ပြီး ကြွက်၊ တီကောင်နှင့် အင်းဆက်ပိုးမွှားများကို အစာအဖြစ် ဖမ်းယူလေ့ရှိသည်။ လူနေအိမ်ရှိ ချောင်ကြသော နေရာများနှင့် သစ်ခေါင်းပေါက်များတွင် နေထိုင်တတ်သည်။

    မြွေကဲ့သို့ အရေခွံလဲတတ်သော သတ္တဝါဖြစ်ပြီး ၎င်းတို့၏ ဥများကိုလည်း ပြန်လည်စားသောက်တတ်သည်။ အန္တရာယ်နှင့် ကြုံတွေ့ပါက ပြန်လည်ကိုက်တတ်ပြီး အိမ်မြှောင်ကဲ့သို့ အမြီးကို ခြွေဖြတ်ထားတတ်သည်။

    တရုပ်၊ အင်ဒိုနှင့် ဂျပန်လူမျိုးများက တောက်တဲ့ကို လာဘ်လာဘ ကောင်းသော အိမ်မွေးသတ္တဝါအဖြစ် ယုံကြည်ကြပြီး တရုပ်ဆေးကျမ်းများ၌ ဆေးဖက်ဝင်သော သတ္တဝါဖြစ်သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts