Homeသတင်းသံဖြူဇရပ်မြို့နယ်အတွင်း အမည်မသိသတ္ထုအပိုင်းအစ ကောင်းကင်ယံမှကျဆင်းလာ

သံဖြူဇရပ်မြို့နယ်အတွင်း အမည်မသိသတ္ထုအပိုင်းအစ ကောင်းကင်ယံမှကျဆင်းလာ

-

မင်းသုတ – အမျိုးအမည်မသိသတ္ထုအစိတ်အပိုင်းအချို့ မီးရှူးမီးပန်းကဲ့သို့ပေါက်ကွဲသံနှင်အတူ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်း၌ ကောင်းကင်ယံမှကျဆင်းလာသည့် ထူးဆန်းဖြစ်ရပ်များ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

ထိုနေ့နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ကောင်းကင်ယံမှ မီးရှူးမီးပန်းကဲ့သို့ပေါက်ကွဲသံနှင့်အတူ ကျဆင်းလာသော ၄င်အမျိုးအမည်မသိသတ္ထုအစိတ်အပိုင်းအချို့ကို သံဖြူဇရပ်မြို့စစ်ဖက်လုံခြုံရေးအဖွဲ့ စရဖထံ အပ်နှံလိုက်ကြသည်။

ပငရွာတွင်တွေ့ရသော သတ္ထုအပိုင်းအစ (သံဖြူဇရပ် Facebook)

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာအုပ်ချုပ်ရေးမှူး ကိုဝင်းချိုက “မျက်မြင်တွေ့ရှိသူ ဦးပန်းက ကျနော့်ကို လာပြောပြတာတော့ မိုးချုန်းသံလိုလို၊ မီးပန်းဖောက်သံလိုလို ကြားရပီး အဲဒီအပိုင်းအစကျလာတယ်တဲ့၊ ကျနော်က မြို့နယ်လုံခြုံရေးတွေကို အကြောင်းကြားလိုက်တယ်၊ စစ်ဆေးကြည့်တော့ သံကြွပ်နဲ့ခပ်ဆင်ဆင်ပဲ” ဟု ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ၄င်းပငရွာမှရရှိခဲ့သော သတ္ထုထည်မှာ အရှည် ၂.၈ ပေ၊ လုံးပတ်(ဗျက်) ၈ လက်မရှိပြီး အလေးချိန် ၄ ပေါင်ခန့်ရှိသည်ဟု ဖေါ်ပြထားသည်။

ပငကျေးရွာ၏တောင်ဖက် ၄ မိုင်(ကောင်းကင်မြေပုံ)ခန့်ဝေးကွာသည့် အံခဲရွာတွင် အလားတူအချိန်ခန့်၌ မိုးချုန်းသံ၊ မီးပန်းဖောက်သံကဲ့သို့အသံကို ရွာသားအချို့ကြားခဲ့ရသော်လည်း မြေပြင်၌မည်သည့်အရာမှ ရှာမတွေ့ခဲ့သေးပေ။

အလားတူ ပငရွာ၏အရှေ့ဖက် ၅ မိုင်(ကောင်းကင်မြေပုံ)ခန့်ဝေးကွာသော ဝဲကလိရွာအနီးတွင်လည်း လုံးပတ် ၄၃ လက်မ၊ အချင်း ၄၇ လက်မရှိ မီးခိုးရောင်သတ္ထုအလုံးကြီးတစ်လုံးကို ကျုံကန်ချောင်းတွင် လုံခြုံရေးအာဏာပိုင်တို့ ဆယ်ယူခဲ့သည်ဟု သတင်းစာတွင် ဆက်လက်ဖေါ်ပြထားသည်။

ဝဲကလိရွာမှ ဆယ်ယူခဲ့သောသတ္ထုအလုံး (သံဖြူဇရပ် Facebook)
“သံဖြူဇရပ်အရှေ့တောင်ဖက် ကျုံခွန်၊ ဖားပြတို့မှာလည်း ဒီလိုအသံတွေကြားခဲ့ရတယ်လို့ သတင်းတွေထွက်တယ်၊ ပထမထင်တာတော့ လေယာဉ်တစ်စီးစီးများ ကောင်းကင်မှာပေါက်ကွဲတဲ့ ဖြစ်ရပ်လားလို့တောင် ထင်မိတယ်၊ သက်ဆိုင်တဲ့ကျေးရွာအာဏာပိုင်တွေက မနေ့ကတစ်နေ့လုံး စုံစမ်းနေရတာပဲ၊ အကြောင်းအရင်းကို လုံးဝမသိရသေးဘူး” ဟု သံဖြူဇရပ်မြို့နယ်ထွေအုပ်ရုံးစားရေးတစ်ဦးက ပြောသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကိုသက်ဆိုင်ရာမှ ထုတ်ဖေါ်ရှင်းလင်းမပြုနိုင်သေးသည့်အချိန်တွင် သံဖြူဇရပ်သားများအနေဖြင့် အာကာသယာဉ်မှပစ္စည်းအစိတ်အပိုင်းများဟု ယူဆပြောဆိုနေကြကြောင်း မေးမြန်းချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts