Homeသတင်းကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးမယူလျှင် သံဖြူဇရပ်မြို့ပေါ်သို့ဆန္ဒတက်ပြမည်

ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးမယူလျှင် သံဖြူဇရပ်မြို့ပေါ်သို့ဆန္ဒတက်ပြမည်

-

မင်းသုတ – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကရုတ်ရွာသားများက လက်ရှိမိမိတို့ကျေးရွာအုပ်ချုပ်ရေးမှူး၏ ငွေအလွဲသုံးစားမှုအပေါ် သက်ဆိုင်ရာသို့တင်ပြခဲ့သည်ကို အရေးယူဆောင်ရွက်ခြင်းမပြုလျှင် မြို့ပေါ်သို့ဆန္ဒတက်ပြကြမည်ဟု ဒေသခံရွာသားများက ပြောသည်။

လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူး ဦးမွန်ချမ်းကို ကျေးရွာသားများအပေါ်မတရားငွေကောက်ခံခြင်းနှင့် လောင်းကစားဝိုင်များဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းအပါအဝင် မခံမရပ်နိုင်သော ကျေးရွာသား ၂၅ ဦးနှင့် ထောက်ခံသူ ၅၅ ဦးတို့လက်မှတ်ရေးထိုး၍ ပြီးခဲ့သည့်ဇူလိုင်လတွင် မြို့နယ်အုပ်ချုပ်ရေးမှူးသို့၄င်း၊ အောက်တိုဘာလတွင် မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးသို့၄င်း လိပ်မူ၍ စာဖြင့်တိုင်ကြားခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။

၎င်းက “၂၀ဝ၇ ကစပြီး ဦးမွန်ချမ်း ရွာဥက္ကဌတာဝန်ယူခဲ့တဲ့ကာလအတွင်းမှာ ရွာသားတွေဆီက ငွေအကြိမ်ကြိမ်ကောက်ခံခဲ့တာ သိန်း ၁၈၀ နီးပါးလောက်ရှိခဲ့တယ်၊ နောက်ပြီးရံပုံငွေအကြောင်းပြ လောင်းကစားဝိုင်းတွေဖွင့် ငွေကောက်ခဲ့တယ်၊ ဒီငွေတွေကို ရွာအကျိုးအတွက် ဘာတစ်ခုမှ အသုံးပြုတာ မတွေ့ခဲ့ရဘူး၊ ဒါတွေကိုတာဝန်ယူဖြေရှင်းပေးဖို့ တိုင်ကြားထားတာဖြစ်တယ်” ဟု ပြောသည်။

ဦးဆောင်တိုင်ကြားသူများမှာ ဦးထွန်းငွေ၊ ဦးဝင်းထွေး၊ ဦးဇော်နိုင်လင်းဟု သိရပြီး တိုင်ကြားခံရသူအုပ်စုတွင် ဦးမွန်ချမ်းနှင့်အတူ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးသန်းစိုး၊ ဦးရင်၊ ဦးခိုင်ဝင်းတို့အသီးသီး တာဝန်ရှိကြသည်ဟု ၄င်းတိုင်ကြားစာတွင် ရေးသားထားဖေါ်ပြထားသည်။

ဦးဆောင်တိုင်ကြားသူများအနက် ယခင်ဥက္ကဌဟောင်း ဦးဝင်းထွေး ဆိုသူမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဘိန်းစာရွက်ရောင်းချသည့်အမှုဖြင့် မော်လမြိုင်အချုပ်ထောင်တွင်ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ဦးမွန်ချမ်းသည် ၂၀ဝ၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ကျေးရွာဥက္ကဌတာဝန်နှင့် လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန် ၇ နှစ်နီးပါးထမ်းဆောင်ဆဲဖြစ်သည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ဖို့ ပဏာမအစမ်းလုပ်ခဲ့ပြီးပြီ၊ ဘယ်နေ့မှာတကယ်ရွေးမလဲဆိုတာကိုတော့ မသိရသေးဘူး” ဟု ကျုံကရုတ်ရွာသားတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်ထွေအုပ်ရုံးမှ ဝန်ထမ်းအချို့ဦးစီး၍ ကျုံကရုတ်ကျေးရွာ၌ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ အစမ်းလေ့ကျင့်ခဲ့ပြီး ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာသည်မှာ ၂ နှစ်နီးပါးခန့်ကြာမြင့်ခဲ့သော်လည်း ရပ်/ကျေး ၄၁ အုပ်စုရှိသော သံဖြူဇရပ်မြို့နယ်တွင် အုပ်ချုပ်မှူးအနည်းငယ်သာ ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်။

“ဒီမြို့နယ်မှာ ရွာဥက္ကဌအုပ်စုဆိုပြီး ရှိကြတယ်၊ ဥက္ကဌတွေအချင်းချင်း ကူညီယိုင်းပင်းကြ တယ်၊ အထက်အာဏာပိုင်တွေတောင်းဆိုသမျှပေးနိုင်ကြလို့ သူတို့အာဏာမြဲနေကြပီး ရာသက်ပန်ဥက္ကဌလို့တောင် ခေါ်နေကြတယ်၊ အသစ်တက်မယ့်သူတွေဆိုလည်း သူတို့တပည့်တွေဖြစ်မှာပဲ” ဟု သံဖြူဇရပ်မြို့နယ်၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာများတွင် ကျေးရွာဥက္ကဌအဟောင်းနှင့်အသစ် အာဏာလုပွဲများ မကြာခဏဖြစ်ပေါ်လေ့ရှိရာ တဖက်နှင့်တဖက်အကွက်ဆင်၍ အာဏာပိုင်အဆင့်ဆင့် သို့တိုင်တန်းမှုများ ပြုလုပ်ခဲ့ဖူးသည်ဟုလည်း ၄င်းကဆက်ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts