Homeသတင်းလူကုန်ကူးတားဆီးရေး စုပေါင်းလမ်းလျှောက်ပွဲပြီးဆုံး

လူကုန်ကူးတားဆီးရေး စုပေါင်းလမ်းလျှောက်ပွဲပြီးဆုံး

-

မင်းသုတ – လူကုန်ကူးမှုတားဆီးရေးလှုပ်ရှားမှုတရပ်အနေဖြင့် Freedom to Walk အဖွဲ့ဝင် ၇၀ ခန့်တို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ဘုရားသုံးဆူနယ်စပ်အထိ ၁၅ ရက်စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်နေ့လည်ပိုင်းတွင် ခရီးစဉ်ပြီးဆုံးခဲ့သည်။

၁၅ ရက်ကြာခရီးလမ်းလျှောက်နေကြစဉ်
ဘုရားသုံးဆူရှိ ထိုင်း-မြန်မာနယ်စပ်ဝင်ထွက်ဂိတ်တွင် Freedom to Walk အဖွဲ့ဝင်များ အမှတ်တရဓါတ်ပုံရိုက်ခဲ့ကြပြီး လမ်းလျှောက်ပွဲခရီးစဉ် နံနက် ၁၁ ခန့်တွင် အဆုံးသတ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

ဘုရားသုံးဆူနယ်စပ်မှ ဘန်ကောက်မြို့အထိ ၃၇၀ ကီလိုမီတာဝေးကွာသော အဝေးပြေး မော်တော်ကား လမ်းမကြီးသည် လူကုန်ကူးမှုလုပ်ငန်းများတွင် အဓိကကျသောလမ်းကြောင်း တစ်ခုဖြစ်သည်ကို လူအများအာရုံထားသတိပြုမိစေရန် ယခုကဲ့သို့လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်ကြောင်း Freedom to Walk အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Freedom to Walk အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ထိုင်းနိုင်ငံသူ TANNY က “အခုလှုပ်ရှားမှုမှာ ရည်ရွယ်ချက် ၃ မျိုးရှိပါတယ်၊ လူကုန်ကူးတားဆီးရေးအတွက် အလှူငွေတွေပိုလက်ခံရရှိခဲ့တယ်၊ နောက်တစ်ခုက ကျမတို့အဖွဲ့ဝင်တွေနဲ့ ပါဝင်လှုပ်ရှားသူတွေအဖို့ လူကုန်ကူးမှုနဲ့ပတ်သက်တာတွေ ပိုပြီးသိလာရတယ်၊ ညနေပိုင်းနားချိန်ဆွေးနွေးပွဲတွေလုပ်တဲ့အခါ ကမ္ဘာအရပ်ရပ်ကလာကြတဲ့ ကျမတို့မိတ်ဆွေတွေဆီကနေ သူတို့ရဲ့အတွေ့အကြုံဗဟုသုတတွေကို ဆွေးနွေးဝေငှပေးကြပါတယ်” ဟု ပြောသည်။

ဘုရားသုံးဆူထိုင်း-မြန်မာနယ်စပ်ဝင်ထွက်ဂိတ်တွင် အမှတ်တရဓါတ်ပုံရိုက်ခဲ့စဉ်
လူကုန်ကူးတိုက်ဖျက်ရေးအစီအစဉ်များ လှုပ်ရှားနေကြသည့်အဖွဲ့အစည်းများ၌ ထိုင်းနိုင်ငံတွင် DREAM House, အာဖရိကတိုက် ဂါနာနိုင်ငံတွင် IOM, အရှေ့ဥရောပတွင် La STRADA International, အမေရိကန်နိုင်တွင် POLARIS PROJECT နှင့် တောင်အမေရိကတိုက်တွင် FUNDACION AMAUTA စသည့် NGO အဖွဲ့တို့အား Freedom to Walk က အလှူငွေများ ကူညီထောက်ပံ့ပေးလျှက်ရှိသည်။

“ဒီလှုပ်ရှားမှုအတွက် ဒေါ်လာတစ်သိန်းလောက်အလှူရမယ်လို့မျှော်လင့်ပါတယ်၊ ဒါပေမယ့် ကျမတို့ အခုဒေါ်လာ တစ်သိန်းနှစ်သောင်းလက်ခံရရှိခဲ့ပါပြီ” ဟု TANNY က ဆက်ပြောသည်။

ထိုင်းမြန်မာနယ်စပ်တွင်လှစ်ထားရှိသော DREAM House အစီအစဉ်တွင် မြန်မာနိုင်ငံမှစွန့်ပစ်ခံကလေး ၄၀ ယောက် ခန့်စောင့်ရှောက်ထားလျှက်ရှိရာ ၄င်းတို့၏ စားဝတ်နေရေး၊ ပညာသင်ကြားရေးနှင့် အခြေခံလိုအပ်ချက်များကို ပံ့ပိုးပေးလျှက် ရှိသည်။
မြန်မာနိုင်ငံတွင်၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ လူကုန်ကူးမှု အမှုပေါင်း ၁၅၄ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၂၆၆ ဦးကို လူကုန်ကူးမှု တာဆီးကာကွယ်ရေးအမှုဖြင့် အရေးယူခဲ့သည်ဟု လူကုန်ကူးမှုတိုက်ဖျက်ရေး သတင်းဖေါ်ပြချက်များအရ သိရသည်။

မြန်မာအစိုးရအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များတွင် အမျိုးသမီးများနှင့် ကလေးများ နယ်စပ်ဖြတ်ကျော်၍ လိင်ကုန်ကူးမှုများ မဖြစ်ပွားစေရန်အတွက် လူကုန်ကူးမှုနှင့် ပတ်သက်၍ အကြောင်းကြားတိုင်တန်းနိုင်ရန် အရေးပေါ်သီးသန့်ဖုန်းလိုင်းများကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပိုစတာများဖြင့် ရေးသားဖေါ်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts