spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းကော့သောင်း ကျောက်မီးသွေးသုံးစက်ရုံကို ဒုတိယအကြိမ် ဆန္ဒပြ

    ကော့သောင်း ကျောက်မီးသွေးသုံးစက်ရုံကို ဒုတိယအကြိမ် ဆန္ဒပြ

    -

    ရဲမွန် – ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံကို ဖျက်သိမ်းပေးရန်အတွက် ဒေသခံ ၁၀ဝ ကျော်၏ ဒုတိယအကြိမ် စီတန်းလှည့်လည် ဆန္ဒပြမှုတခု ယမန်နေ့တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၌ ဖြစ်ပွားခဲ့သည်။

    ကျောက်မီးသွေးလျှပ်စစ်စက်ရုံတည်ဆောက်မှုကို ကော့သောင်း၌ ယခင်ကဆန္ဒပြခဲ့စဉ်
    လွန်ခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အင်အား ၅၀ ခန့်ဖြင့် ပထမအကြိမ် ကန့်ကွက် ဆန္ဒပြခြင်းကို ၂၄ ရက်နေ့တွင် အင်အား ၁၀ဝ ခန့်က ထောက်ခံဆန္ဒပြခြင်းကြောင့် ဒုတိယအကြိမ် ထပ်မံကန့်ကွက် ဆန္ဒပြခြင်း ဖြစ်သည်။

    “စက်ရုံဘေးမှာ ရှိတဲ့ သူတွေက ရင်ကျပ်တာတို့ အသက်ရှူမရတာတို့ လည်ချောင်းယားတာတို့ အဲဒီလို ပြဿနာတွေ အခုရင်ဆိုင်နေရတယ်၊ စက်ရုံကို လုံးဝအလိုမရှိဘူးလို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်၊ သမ္မတအဆင့်ထိ စာတင်တာလဲ ဘာမှ ထူးမလာဘူး၊ အဲဒါကို မကျေနပ်လို့ ဆန္ဒပြတာ” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ကိုသန်းထွန်းက ပြောသည်။

    ရွှေပြည်သာနှင့် အေးရိပ်ငြိမ် ရပ်ကွက်ကြားရှိ သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်ပိုင် ၈ မဂ္ဂါဝပ် ထုတ်လွှတ်မည့် ယင်းကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံသည် လူနေအိမ်နှင့် ပေအနည်းငယ်သာ ကွာဝေးပြီး သောက်သုံးရေအဖြစ် အားထားနေရသည့် ယင်းဝါ ရေလှောင်တမံနှင့် မိုင်ဝက်ခန့်သာ ကွာဝေးသည့်အတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေသည်ဟု ဆန္ဒပြသူများက ဆိုသည်။

    ဆန္ဒပြခွင့်ကို ကော့သောင်း ရဲစခန်းက ခွင့်ပြုပေးခဲ့ပြီး ဆန္ဒပြရာတွင်လည်း လုံခြုံရေး ပေးခဲ့သည်ဟု ကိုသန်းထွန်းက ပြောသည်။

    “ကျမတို့ ရပ်ကွက် တံတားလမ်းဟာ ကျောက်မီးသွေးစက်ရုံနဲ့ ဆယ်ပေ ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်။ ဒီစက်ရုံက အခိုးအငွေ့တွေရော၊ ပြာတွေရော ထွက်တယ်၊ အဲဒီလမ်းသွယ်ထဲက လူတွေ ဆိုလို့ ရှိရင် ယားယံနေကြပြီ၊ယားယံတဲ့ လူတွေက မိန်းကလေးတွေ များတယ် တအား အနံ့ဆိုးတယ်၊ တအားခံရခက်တယ်” ဟု ရွှေပြည်သာ ရပ်ကွက်နေ မနွေးနွေးသူက ပြောသည်။

    စက်ရုံ တာဝန်ရှိသူများဘက်ကမူ ကောင်းမွန်သည့် တရုတ်နည်းပညာကို အသုံးပြုပြီး စက်ရုံကို လည်ပတ်သည့်အတွက် ပတ်ဝန်းကျင် ထိခိုက်မှု မရှိနိုင်ကြောင်း ပြောဆိုပြီး လည်ပတ်ခြင်း ဖြစ်သည်။

    စက်ရုံကို ထောက်ခံသူများကလည်း ဈေးနှုန်းသက်သာသည့် လျှပ်စစ်ဓါတ်အားကို လိုလားခြင်းကြောင့် ထောက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

    လက်ရှိ ကော့သောင်းမြို့တွင် ယခင်ကတည်းက လည်ပတ်နေသည့် ဖိုးသီးချို (P.T.C ) မီးလင်းရေးမှ တယူနစ်လျှင် ၆ဝဝ ကျပ်ကျော်နှုန်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေလျက် ရှိပြီး၊ သန်းဖြိုးသူ ကုမ္ပဏီက မြို့ပေါ် ၁ဝ ရပ်ကွက်သို့ တယူနစ်လျှင် ကျပ် ၂ဝဝ နှုန်းဖြင့် ဖြန့်ဝေမည် ဖြစ်ကာ စတင် လည်ပတ်ပါက ယူနစ် ၁၅ဝ ကို အခမဲ့ ပေးဝေမည်ဟု ကြေညာခဲ့သည်။

    သို့သော်လည်း လက်ရှိတွင် တယူနစ် ၃၇၀ ကျပ်ထိ ကောက်ခံနေဆဲ ဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတဦး ဖြစ်သည့် ကိုထွန်းထွန်းကိုက ပြောသည်။

    ယခုကျောက်မီးသွေးစက်ရုံကို လူနေရပ်ကွက်နှင့် ဆယ်မိုင် ဝေးသည့် နေရာသို့ ပြောင်းရွှေ့လည်ပတ်ရန် ကော့သောင်းမြို့ခံများက ဧပြီလနှင့် ဇွန်လများတွင် နှစ်ကြိမ်တိုင် နိုင်ငံတော် သမတထံသို့ အသနားခံစာ တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ကြောင်းလည်း ဆန္ဒပြသူများက ပြောသည်။

    စက်ရုံအတွက် သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်နှင့် အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနတို့ ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့သည်။

    တနင်္သာရီတိုင်းတွင် မဂ္ဂါဝပ် ၄,ဝဝဝ ထုတ် ထားဝယ်၊ ၈ မဂ္ဂါဝပ်ထုတ် ကော့သောင်းနှင့် ၅ဝ မဂ္ဂါဝပ်ထုတ် မြိတ်ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စီမံကိန်း သုံးခု ရှိခဲ့ရာ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ထားဝယ် ကျောက်မီးသွေးသုံး စက်ရုံကို အစိုးရက ရပ်တန့်ပေးခဲ့သည်။

    ကော့သောင်းနည်းတူ မြိတ်ကျောက်မီးသွေးသုံး စက်ရုံမှာလည်း ဒေသခံများ၏ ကန့်ကွက်မှုနှင့် ကြုံနေရဆဲ ဖြစ်သည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. လူ(၂၅)ယောက်ကို(၁၀ဝ)လို့ရေးထားတယ် မှားနေပါတယ်သတင်းမှားကြီးပါ အလကားပြောတာပါ လူ(၂၅)ယောက်လောက်ပဲပါတယ်အရင်ပထမအကြိမ်ဆန္ဒပြတုန်းကလူတွေပါပဲ

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts