Homeသတင်းတပြည်လုံးအပစ်ခတ်ရပ်စဲရေးကြေညာရန် UNFC ဆက်လက်တောင်းဆို

တပြည်လုံးအပစ်ခတ်ရပ်စဲရေးကြေညာရန် UNFC ဆက်လက်တောင်းဆို

-

ခတ္တာနန်း – မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့တို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တပြည်လုံးအပစ်ခတ်ရပ်စဲရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် UNFC အနေဖြင့်တောင်းဆိုသည်မှာ နိုင်ငံရေးပြသနာကို နိုင်ငံရေးအရဖြေရှင်းရန်၊ အပစ်အခတ်မရပ်သေးသော ဒေသများတွင်အပစ်အခတ်ရပ်စဲကြရန်၊ အစိုးရအနေဖြင့် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး ကြေညာပေးရန်နှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲများကို ဝိုင်းဝန်းဖြေရှင်းပေးရန်တို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

UNFC နှင့် မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံခဲ့စဉ်(Facebook)
၎င်းက “ တစ်ပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာပေးဖို့ကိုတော့ ဦးအောင်မင်းတို့က သမ္မတဦးသိန်းစိန်ကို တင်ပြထားတယ်၊ ဒီကိစ္စကို သမ္မတကပဲ ဖြေရှင်းပေးနိုင်လိမ့်မယ်၊ ကျန်တဲ့အချက်တွေကိုတော့ သူတို့တွေ လက်ခံပါတယ်” ဟု ပြောသည်။

၎င်းနောက် UNFC အနေနှင့် တိုင်းရင်းသား လူမျိုးများ ညီးလာခံတွင် ချမှတ်ထားသည့် အချက် (၆) ချက်ပါ လမ်းပြမြေပုံကိုလည်း ဝန်ကြီး ဦးအောင်မင်းတို့အား တင်ပြခဲ့ပြီးနောက် ယင်းကိစ္စအား ပြန်လည်ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က “ အဓိကတော့ တပြည်လုံးအပစ်အခတ်ရပ်စဲ ဖို့ကို နှစ်ဖက်စလုံးက ပူပေါင်းဆောင်ရွက်ဖို့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ UNFC နဲ့ အကြိုညှိနှိုင်းတဲ့သဘောပါပဲ” ဟု ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်သည့်တွေ့ဆုံပွဲသို့ အစိုးရဘက်မှ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့ဝင် ၈ ဦးနှင့် UNFC မှ အဖွဲ့ဝင် ၉ ဦးတို့ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၁) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။

ဝန်ကြီးဦးအောင်မင်းသည် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သော်လည်း UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အပစ်ရပ်ဆွေးနွေးမှုမအောင်မြင်ခဲ့သေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts