spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းဝင်းကဗုဒ္ဓဂါယာဘုရားစျေးတန်းမီးလောင် ဘတ်သန်း ရ၀ ခန့်ဆုံးရှုံး

    ဝင်းကဗုဒ္ဓဂါယာဘုရားစျေးတန်းမီးလောင် ဘတ်သန်း ရ၀ ခန့်ဆုံးရှုံး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီးရှိ စံခပူရီမြို့နယ်၊ ဝင်းကရွာ(ထိုင်းနိုင်ငံ) ဗုဒ္ဓဂါယာ ဘုရားစောင်းတန်းစျေးကြီးသည် ယမန်နေ့ညနေ-၈- နာရီခန့်တွင် မီးလောင်ကျွမ်းမှုကြောင့်နာရီဝက်အတွင်း လုံးဝပြာကြသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    ဝင်းကရွာဗုဒ္ဓဂါယာ ဘုရားစျေးတန်းမီးလောင်နေစဉ်
    အဆိုပါမီးလောင်ကျွမ်းမှုတွင် ဆိုင်ခန်း ၃၆ ဆိုင်မီးလောင်ကျွမ်းခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ထိုင်းဘတ်ငွေသန်း ရ၀ ခန့်ရှိသည်ဟု မီးလောင်မှုအပြီးပြုလုပ်သော ဝင်းကရွာ ဝိဝေကာရာမဘုန်းတော်ကြီးကျောင်း အရေးပေါ်အစည်းအဝေး၌ ဒေသခံအာဏာပိုင်များ သုံးသပ်ခဲ့ကြသည်။

    လောင်ကျွမ်းခဲ့သည့်ပစ္စည်းများမှာ မြန်မာပြည်မှ လက်ရာမြောက်ရိုးရာယဉ်ကျေးမှုဖြစ်ကြသည့် အဖိုးတန်အထည်အလိပ်များ၊ တိုင်းရင်းသားရိုးရာဝတ်စုံများ၊ လက်မှုပစ္စည်းများ၊ ဘုရားနှင့်ပတ်သက်သောကြေးထည်ငွေထည်ပစ္စည်းများ၊ တူရိယာပစ္စည်းအမျိုးမျိုးနှင့် ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်သားတို့ဖြင့်ပြုလုပ်ထားသော အနုပညာလက်ရာပစ္စည်းများနှင့် အသေးစားပရိဘောဂအမျိုးမျိုးတို့ ပါဝင်ကြသည်။

    “ဘာကြောင့် အခုလိုမီးလောင်ကျွမ်းခဲ့ရတာကို မပြောနိုင်သေးဘူး၊ မီးလျံှတွေက တချက်တည်းတောက်လျှောက်ကူးသွားပြီး တခဏလေးအတွင်းမှာ လောင်ကုန်သွားတော့တာပဲ၊ မီးသတ်ကားလည်း အချိန်မမှီနိုင်၊ ရုတ်တရက်ဆို လူတွေလည်းမကူနိုင်ဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဘုရားသုံးဆူမွန်ဆရာတော် ဟံသာရာဇာက ပြောသည်။

    အဆိုပါ မီးလောင်မှုဖြစ်စဉ်သည် ဝင်းကဗုဒ္ဓဂါယာ ဘုရားပွဲတော်ကျင်းပနေသည့်ဒုတိယမြောက်ညနှင့်လည်း တိုက်ဆိုင်နေသည်။ ဘုရားပွဲတော်ကျင်းပရာ ကွင်းပြင်ကျယ်စည်ကားနေချိန်၌ ညပိုင်းဘုရားစောင်းတန်းစျေးပိတ်ချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

    မီးလောင်ပြင်ကြီးဖြစ်ပေါ်နေပုံ
    “အခုဝင်းကရွာ အနှစ် ၃၀ နီးပါးသက်တမ်းမှာ အခုလိုမီးလောင်တာဟာ ဒါပထမဆုံးအကြိမ်ပါပဲ၊ ခဏလေးအတွင်းမှာပဲ နာရီဝက်တောင်မကြာဘူး ကျမမျက်စေ့ရှေ့မှာပဲ ဘုရားစျေးတန်း မီးလောင်ကုန်သွားတယ်၊ မယုံနိုင်စရာပဲ” ဟု ဝင်ကရွာသူကြီးက ပြောသည်။

    ဝင်းကရွာဘုရားပွဲကို နှစ်စဉ်တပေါင်းလဆန်း(၅-၆-၇) ရက်နေ့များတွင်ကျင်းပလေ့ရှိရာ မွန်၊ ဗမာဇာတ်ပွဲများ၊ မွန်ယဉ်ကျေးမှုကပွဲများ၊ ကျောင်းသူကျောင်းသားများ၏ အနုပညာဖြေဖျော်ပွဲ၊ မွန်-ထိုင်းရိုးရာလက်ဝှေ့ပွဲများ၊ ထိုင်း-မွန်တီးဝိုင်းများဖြင့် စည်ကားလျှက်ရှိသည်။

    ဝင်းကကျေးရွာတွင် ထိုင်းနိုင်ငံ တရားဝင်နေထိုင်ခွင့် မှတ်ပုံတင် လက်မှတ် ရရှိသူ မြန်မာပြည်ဖွား မွန်တိုင်းရင်းသား အများစု နေထိုင်ကြပြီး အိမ်ခြေတစ်ထောင့် ငါးရာကျော်ခန့်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts