Homeသတင်းကုန်ကျစရိတ်များသည့်နွေစပါး မွန်ပြည်နယ်တွင်းစိုက်ပျိုးမှုနည်းလာ

ကုန်ကျစရိတ်များသည့်နွေစပါး မွန်ပြည်နယ်တွင်းစိုက်ပျိုးမှုနည်းလာ

-

မင်းတော်လဝီ – ကုန်ကျစရိတ်များပြားသော နွေစပါးစိုက်ပျိုးမှုကို မွန်ပြည်နယ်မှလယ်သမားများ မစိုက်ပျိုးနိုင်သဖြင့် ယခုနှစ်တွင်စိုက်ပျိုးမှုဧက နည်းပါးကြောင်း သိရသည်။

“မနှစ်က နွေစပါးတစ်ဧကကို တစ်သိန်း နှစ်သောင်းလောက်ကုန်ပေမယ့် ဒီနှစ်မှာက တစ်သိန်းခွဲလောက်ကုန်မယ်”ဟု ကျိုက္မရောမြို့နယ်၊ နိတုံရွာသား လယ်သမား တဦးကပြောသည်။

မြန်မာပြည်နွေစပါးခင်း (Photo-Internet)
“ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ဓါတ်မြေသြဇာဖိုး၊ ဒီဇယ်ဖိုးကစျေးပိုကြီးလာတယ်၊ ရေနဲ့နီးတဲ့လယ်မြေတွေလောက်ပဲ စိုက်ပျိုးနိုင်တယ်၊ ရွာလူကြီးတွေက စီမံကိန်းဧကကို စာရင်းပေးထားပေမယ့် ကိုယ်စိုက်နိုင်သလောက်ပဲစိုက်နေကြတယ်” နိတုံရွာသား နွေစပါးစိုက်လယ်သမားကပြောသည်။

အထူးသဖြင့် ယခုအခါလယ်လုပ်သားအလုပ်ကြမ်းသမားများ ပိုပြီးရှားပါးလာပြီး ကောက်စိုက်သမားတယောက် နေ့စားလုပ်အားခ (၄၅၀၀-၅၀၀၀) ကျပ် ဖြစ်နေသည်။

အစိုးရဌာနများမှလည်း လိုအပ်သော မျိုးစပါး၊ ဓါတ်မြေသြဇာ၊ ဒီဇယ်ဆီများကိုထောက်ပံ့ပေးခြင်းမပြုပေ။
သက်ဆိုင်ရာ စပါးအထူးပြုကုမ္ပဏီများမှတစ်ဧကငွေ ၄၀၀၀၀ ကျပ် ချေးယူနိုင်သော်လည်း အနိမ့်စျေးဖြင့် စပါးပြန်သွင်းရမည်ကို စိုးရိမ်သောကြောင့် လယ်သမားများငွေမချေးလိုကြဟု သိရသည်။

ကျိုက်မရောမြို့နယ်၊ နိတုံရွာနွေစပါးလျှာထားချက် (၄၀၀)ဧကကျော် သတ်မှတ်လျာထားခဲ့သော်လည်း လက်ရှိတွင် ဧက၁၀၀ခန့်သာ စိုက်ပျိုးနေသည်ဟု နိတုံကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

ထို့အတူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်လည်း ယခုနှစ်နွေစပါး လျာထားဧက ၁၈၀၆၀ အနက် ပြီးခဲ့သည့်ဖေဖေါ်ဝရီလ(၂၀)ရက်နေ့အထိတွင် (၁၅၈၀၉) ဧကသာ စိုက်ပျိုးနိုင်ခဲ့ပြီး ဇင်းကျိုက်ရွာ“ကတိုက်” ဆည်လျာထားဧက (၈၀၀၀) အနက် ဧက (၅၀၀၀) သာစိုက်ပျိုးနိုင်သဖြင့် ဧက၃၀၀၀လျှော့နည်းနေသည်ဟု ပေါင်မြို့နယ်မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းရုံးမှ ဝန်ထမ်းတဦးကပြောသည်။

“နွေစပါးအတွက် ဓါတ်မြေသြဇာရော ဒီဇယ်ဆီပါ စျေးကြီီးနေတယ်၊ ပျိုးထောင်မှရိတ်ချိန်အထိကို ဒီဇယ်ဂါလံ၂၀လောက်ကုန်တယ်၊ ချောင်းမြောင်းနဲ့ဝေးရင်ဒီထက်ပိုကုန်လို့ ဒီနှစ်မစိုက်နိုင်ကြတော့ဘူး၊ သုံးပုံတစ်ပုံလောက်ပဲ စိုက်ကြတော့တယ်”ဟု ကျိုက်မရောမြို့နယ်၊ တရနာရွာသားလယ်သမားတစ်ဦးက ပြောသည်။

ကျိုက်မရောမြို့နယ်သည် မွန်ပြည်နယ်တွင် နွေစပါးအများဆုံးစိုက်ပျိုးနေသည့် မြို့နယ်ဖြစ်ပြီး ယခုနှစ်နွေစပါးလျှာထားချက် (၅၅၀၀၀) ဧကအနက် ဖေဖေါ်ဝါရီလကုန်အထိ စိုက်ပျိုးပြီးစီးမှုမှာ (၁၀၆၇၆) ဧကသာရှိသည်ဟု ကျိုက်မရောမြို့ မြေစာရင်းရုံးဝန်ထမ်းတဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts