spot_img
Saturday, April 27, 2024
More
    spot_img
    Homeဆောင်းပါးမသိကိန်းများ၏အတ္ထုပ္ပတ္ထိ

    မသိကိန်းများ၏အတ္ထုပ္ပတ္ထိ

    -

    ဤဝန်းကျင်ကို သုံးနှစ်ကျော်ဖြတ်သန်းခဲ့ပြီးနောက် မသိကိန်းများနှင့် သက်ဆိုင်သော အကြောင်းအရာအတော်များများ ကျွန်တော် ဖမ်းဆုပ်မိခဲ့သည်။ သူတို့၏ ပုံသေကားချပ်ဆန်သည့် နေ့စဉ်ဘဝဖြတ်သန်းမှုများ။ အသာမာတက်နေသော ပခုံးသားများ။ ပုံရိပ်တစ်ခု၏ လွှမ်းမိုးမှုအောက်မှ နွမ်းလျဟန်ပန်များ။ အနာဂတ်ပျောက်ဆုံး လက်မြှောက်အရှုံးပေးလိုက်သောဘဝများ။ အတ္တအတွက် တကိုယ်စာဝပ်ကျင်းထဲခိုအောင်း လှုပ်နှိုးရန်ခက်ခဲသော အယောင်ဆောင်များ။ ရုန်းကန်သံကြား နစ်သထက် နစ်မွန်းနေသောဘဝများ။ နာမည်ကောင်းလက်မှတ်ရဖို့ ခြေထိုးပင့်ကော် အော်ဂလီဆန်စရာ ကောက်ကျစ်ယုတ်မာမှုများ။ လေဆန်ကိုအန်တု အတုယူဖွယ် စိတ်ထားအလှနှင့် လူနည်းစုများ။ အပယ်ခံစာရင်းသွင်း လျစ်လျူရှူခံလိုက်ရသော အမှန်တရားများ။ သဘောတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ အရှိတရားတစ်ခုနှင့်အတူ ကျွန်တော် ဆက်လက်အတွေးပွားနေမိသည့် မသိကိန်းများအကြောင်းပင်ဖြစ်သည်။

    ပုံသေဆန်သည့် နံနက်ခင်းထဲ သိမ်ငယ်ခြင်းများ ပွေ့ပိုက်ထားသည့် မသိကိန်းများကို ကျွန်တော် တွေ့မြင်နေရသည်။ ပြန်လှန်ခွင့်မရှိသော အကြောက်တရားများ။ တစ်ခါတစ်ရံ နူးညံ့ချင်ယောင်ဆောင် ပုံသွင်းခံထားရသည့် ဖယောင်းရုပ်များပမာ။ ရေအိုင်ငယ်လေးထဲ စုန်ဆန်ကူးခတ်ရန် သူတို့အတွက် ဒွိဟများစွာနှင့်။ မျှော်လင့်ချက် အပုပ်အသိုးများကြား လေးလံထိုင်းမှိုင်းစွာ သူတို့ တွားသွားနေရသည်။ ခြေလှမ်းတစ်လှမ်း တိုးလျှောက်ဖို့ပင် သူတို့ မဝံ့မရဲ။ နေ့မြင်ညပျောက် လောက်ငှမှုမရှိသည့် လုပ်အားခများ။ ဝမ်းတစ်ထွာအတွက် ရုန်းကန်ရင်း၊ မသိကိန်းများ၏ မဆုံးနိုင်သောညည်းချင်းများ။ ဒဏ်ရာအနာတရညနေကို ဖွဖွလေးပွတ်သပ် ပြန်လည်မရုန်းထနိုင်သော မသိကိန်းများ၏ အတ္ထုပ္ပတ္ထိကို ကျွန်တော် ဖွင့်ဖတ်မိသည်။

    ANTIQUES MECHANISM (Internet)

    ပင်ပန်းမှုကိုအကြောင်းပြ ထွေလာတန်ခိုးနှင့် နေညိုချိန်တိုင်း ရီဝေဖို့တာစူနေသည်။ သူတို့ ခြေလှမ်းများက နီးစပ်ရာအရက်ဆိုင်သို့။ တစ်ကိုယ်ရည်ပျော်ရွှင်မှု ခေတ္တစိတ်ထွက်ပေါက်အတွက် ရေတိုအစားထိုးမှု ပြုလာသည်။ ပခုံးထက်ထမ်းထားရသော ဖိအားဝန်များမှာ လျော့ပေါ့သွားခြင်းမရှိ။ နေထိုင်မှုစနစ်သာ တစ်စတစ်စ ယိုယွင်းပျက်စီးလာသည်။ ဆန်တက်ခွင့်မရှိသည့် အသက်ရှူသံကြား သက်ပြင်းများမှာအဖော်မွန်။ နေထိုင်မှုစနစ် ယိုယွင်းလာသောကြောင့် မိသားစုဘဝ ခြောက်ကပ်ကပ်။ မျှော်လင့်ချက်အသေကြား စုန်ဆန်ကူးခတ်နေသည့် မသိကိန်းများ။

    မဖြစ်စလောက်ကွက်သစ်တွင် လွဲမှားသောဖြေရှင်းချက်ကြောင့် ဖိအားများကြား ငုပ်ချည်ပေါ်ချည်။ နဖူးမှခြေမ ချွေးစက်များ တစက်စက်ကျနေသည်။ နေပူ၊ မိုးရွာမရှောင် တာဝန်ဆိုသည့် စည်းဘောင်ခတ် ဘဝကိုတံဆိပ်တပ်ခြင်းခံခဲ့။ အဆင်မပြေမှုကြား တွဲလီတွဲလောင်း တိုးပွားလာသောရတနာများ။ ကိုယ့်အိုးနှင့်ဆန် တန်အောင်မခပ်နိုင်သေးချိန် ပန်းပင်မှုအကြောင်း ညည်းချင်းထုတ်လာသည်။ တစ်ရက်စာ စိတ်ထွက်ပေါက်ရှာဖွေရင်း အရှုံးနွံထဲပိုနစ်ကျွံခဲ့သည်။ သောကတစ်ပွေ့တပိုက်နှင့် ရင်ဝကို လာလာစိုက်နေသော ကြွေးမြီးများ။ အိမ်တွင်းရေးက ညစဉ်ကတောက်ကဆနှင့်။ ဘဝချိန်ခွင်လျှာ မညီမျှသည့် မသိကိန်းများ။

    မိသားစုဘဝပျော်ရွှင်မှု တဖြည်းဖြည်း ဆိတ်သုဉ်းလာသည်။ မျှော်လင့်ချက်များ ပုံသေကားချပ်ဆန်လာသည်။ အနာဂတ်လမ်းများဝေဝါးလျက်။ အိမ်နီးခြင်း ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်တော့။ ဆီလျော်မှုမရှိသည့် အကျိုးအကြောင်းများ ရေကြီးခွင်ကျယ်လုပ်လာသည်။ အိမ်တွင်းရေး ကျပ်တည်းမှုကိုလျစ်လျူရှု၍ အပိုဆာဒါး ဗာဟီရများအတွက် အကုန်အကျများလာသည်။ `ဝင်ငွေနှင့်ထွက်ငွေ´မျှတမှုမရှိသည်မှာကြာပေါ့။ မိသားစုဝင်များပြားသူအဖို့ဆိုဖွယ်ရာမရှိတော့။ အိမ်ထောင်ဦးစီးလင်ယောကျ်ားမှ အရက်မူးပြီး အော်ကြီးဟစ်ကျယ် ပြဿနာရှာသံ ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်လျက်။ မသိကိန်းများ၏ မထူးဆန်းတော့သည့် အိမ်တွင်းရေးပြဿနာများ။

    အဆင်မပြေမှုနှင့်အတူ လူမဆန်သည့် လူမှုရေးပြဿနာများလည်း သယ်ဆောင်လာတတ်သည်။ မည်သူမှ ဘာမှမဟုတ်သည့် အခြေအနေတွင် ကြီးကျယ်ပြနေကြသည်။ သေးငယ်သော အဝန်းအဝိုင်းထဲတွင်ပင် မာနတံခွန် ကိုယ်စီလွှင့်ထူနေကြသည်။ တစ်ဦးနှင့်တစ်ဦးကြား လူသားဆန်မှု ပျောက်ဆုံးနေသည်။ ဇာတ်တူသားအချင်းချင်း ခြေထိုးပင့်ကော်ဖို့နှင့် ကျွံဝင်လာမည့်ခြေလှမ်း အခွင့်အခါကောင်းစောင့်၍ ချနင်းမည့်သူများပင်။ ချောက်နက်ထဲ ကျမည့်ဆဲဆဲသူကို တွန်းချမည့် အတွင်းကောက်များသာ။ ဇာတ်တူသားကို မြိန်ရည်ယှက်ရည် စားသောက်ဖို့လည်း ဝန်မလေးသော မသိကိန်းများ။

    အဆင်မပြေမှုကြုံတိုင်း မတရားသည့်နည်းဖြင့် အလွယ်ဖြေရှင်းဖို့သာ တွေးတောနေတတ်သည်။ အကျင့်ပျက်ခြစား မိုးခါးရည်သောက် စတေးခံမည့် မသိကိန်းများပင်။ မတရားမှုပြုရန် အထူးတန်းလက်မှတ် ယူလာကြသည်။ အချင်းချင်းကြား မျက်စိဒေါက်ထောက်လျက် သူထက်ငါအကျောမခံ အခွင့်အရေးစောင့်မျှော်နေကြသည်။ ပြောင်းပြန်အချိုး ပါးစပ်နှင့်စေခိုင်းမှုများ။ ဆန်တက်ခွင့်မရှိသည့် အသက်ရှူသံကြား အဟောင်းသံသရာထဲ တဝဲဝဲလည်ရုန်းကန်းကူးခတ်ရင်း ကတုံးပေါ်ထိပ်ကွက် မတရားမှုပြုလုပ်ရန် ဝန်မလေးတတ်သော မသိကိန်းများ။

    မျှော်လင့်ချက်အသေကြား ရုန်းကန်ရင်း သက္ကရာဇ်များ တဖြည်းဖြည်းသေဆုံးသွားသည်။ သေဆုံးသွားသည့် သက္ကရာဇ်များနှင့်အတူ ဘဝများပို၍နစ်မြှုပ်လာသည်။ အနာဂတ်များ တစစီပြိုလဲမြဲ ပြိုလဲလျက်။ ရိုးသားဖြောင့်မှတ်ခြင်း အဘိဓမ္မာဆိုသည်မှာ မသိကိန်းများကြား ပျောက်ဆုံးခဲ့သည်မှာ ကြာပေါ့။ ဘောင်အထပ်ထပ် ကာဆီးထားသည့် အဝန်းအဝိုင်းလေးထဲ အမြတ်ထုတ်ပေါင်းများခဲ့။ ညနေဆည်းဆာ နေဝင်ချိန်ကို စိတ်ပြေနပြေ လွတ်လပ်စွာ ငေးမောချိန်မရှိ။ ဘာမှမဟုတ်သည့် အကြောင်းအရာများကို ရေကြီးခွင်ကျယ် ဖိအားပေးအပြစ်ဖွဲ့ဆိုမှု ပြုနေကြသည်။ အောက်ခြေဘဝဆီ တစ်ခါမှ အလည်မလာဖူးသူက အောက်ခြေဘဝအကြောင်း အာပေါင်းအာရင်းသန်သန် ပြောဆိုနေသည်မှာ ရွံစရာ။

    ပြွတ်သိပ်နေသည့် အခန်းကျဉ်းလေးထဲမှ အရွယ်မတိုင်မီပင် စာသင်ခန်းကို လက်ပြနှုတ်ဆက်လိုက်သော မသိကိန်းတစ်လုံး၏ အိပ်မက်များ။ သဒ္ဓါတရားမရှိသည့် အပူစာများကြောင့် အမြဲတမ်းပူလောင်နေရသည်။ မသိကိန်းများကြား ရိုးသားမှုများ ပျောက်ဆုံးသွားသည်။ ပိုင်းခြားထားသည့် တံတိုင်းကြီး ကွာဟချက်မြင့်မားလွန်း၍ တိုက်ဖွင့်ဖို့ရန်ပင် ကြိုးစားအားထုတ်ခြင်းမရှိ။ ဂွင်ဖန်ဖို့သာ ရေလိုက်ငါးလိုက် မှိန်းနေကြသည်။ ကံကြမ္မာကိုအပြစ်ပုံချအိပ်မွေ့ကျနေဆဲ။ ဝေဒနာကိုအကြောင်းပြ ဖြေဆေးကျပျောက်သည့် အိပ်ပျက်ညများ။

    အပူသည်တစ်ယောက်၏ ညနေသည် မွန်းကျပ်လွန်းလှသည်။ အရာရာ သိုသိုသိပ်သိပ်နှင့် စိတ်ဖြေစရာမဲ့လျက်။ အရက်ကိုသာဖိသောက်ရာမှ ချွတ်ခြုံကျ အရက်စွဲနေသည့် မသိကိန်းများ။ သူတို့မျက်နှာများတွင် ငြိမ်းချမ်းခြင်းများ ကျွန်တော် တွေ့ရှိခြင်းမရှိ။ ပူပန်ခြင်းနှင့်အတူ ကောက်ကျစ်စဉ်းလဲ ဖျံကျဖို့အတွက်သာ တွေးတောနေသလား အောက်မေ့မိသည်။

    သေးငယ်သောအဝန်းအဝိုင်းထဲတွင်ပင် အချင်းချင်းကြား သိက္ခာရောင်းသူများရှိသည်။ ဘဝတူအချင်းချင်း ဖြတ်စားဝှက်စား ပြုနေကြသည်။ ကိုယ်ကျင့်တရား ပျက်ပြားနေသည့် အရေခြုံကြွက်ပျင်းများနှင့် ဆင်တူသည်။ ပင်ကိုယ်စိတ်နေစိတ်ထား ယုတ်ညံ့သူများပင် ဖြစ်သည်။ တစ်အိမ်တက်၊ တစ်အိမ်ဆင်း တတ်သည့်ပညာဖြင့် မသိကိန်းများအတွက် ကျွန်တော် သွားရောက်အကူအညီပေးဖူးသည်။ အလကားရသည့် စေတနာကိုပင် အရောင်ဆိုးချင်နေကြသည်။ ရှေ့မှာဟန်ဆောင်ပြုံးပြ နောက်ကွယ်မှ လှောင်ပြောင်လက်ညှိုးထိုးမည့် မသိကိန်းများပင်။

    မကောင်းမှုဟူသမျှဆိတ်ကွယ်ရာမရှိ´ဆိုသည့်စကားအတိုင်း ဘဝမကူးပါ။ မကောင်းမှုဒဏ် ပြန်ခံရတာချည်းပါ။ ကျွန်တော်သည် အတိတ်နိမိတ်များ၊ ကံများ ယုံကြည်ကိုးစားတတ်သည့် လူမျိုးမဟုတ်ပါ။ သို့သော် ကျွန်တော့်မျက်စိရှေ့တင် အဆင့်ဆင့် ဖြစ်ပျက်သွားခဲ့သည်။ တူညီသောအကျိုးတရားများ မထင်မှတ်သောထောင့်ချိုးမှ ဝင်တိုက်သွားသည်။

    အဖေနှင့်သား မယားငယ်လုဖက်´။ အင်မတန်ရှက်စရာကောင်းသော လူ့ကျင့်ဝတ်စည်းကမ်း ဖောက်ဖျက်ခြင်းပင်။ သွေးထွက်သံယိုမှု သွေးသားစစ်စစ်ကြား ပေါ်ပေါက်လာသည်။ ငယ်သံပါအောင် အော်ညည်းနေသော်လည်း မသိကိန်းများ၏ ရင်ဘတ်ထဲမှဝေဒနာက သက်သာလာခြင်းမရှိ။ `မေတ္တာစူးခြင်းလား။ တူညီသောအကျိုးကို ပြန်ခံစားနေမိခြင်းလား။´
    ကျွန်တော်ဝေခွဲမရ။ ကြမ်းတမ်းသောစရိုက်နှင့် အသိတရားကင်းမဲ့နေသော မသိကိန်းများ။

    တောင်စွယ်မှ ကွယ်လုဆဲနေလုံးကြီးကို ငေးမောလျက် သေးငယ်သောအဝန်းအဝိုင်းထဲမှ မသိကိန်းများအကြောင်း ကျွန်တော် တွေးနေမိသည်။ ဘာမဟုတ်သည့် ရာထူးဂုဏ်ရှိန်တစ်ခုနှင့် ခေါင်းခိုက်နေသည့် မာနတရားများ။ ဝေဒနာကိုအကြောင်းပြ ထွေလာတန်ခိုးနှင့် အရှုံးနွံထဲ မွေ့လျော်နေသူများ။ အနည်းငယ်သော ပေးဆပ်မှုကိုအကြောင်းပြ တူညီသောတန်ဖိုးကို တန်ပြန်စုပ်ယူနေသည့် မသိကိန်းများ။ မဝရေစာ၊ အပူစာများကြောင့် အပူသည်ဘဝမှ ရုန်းထွက်နိုင်မှုမရှိ။ မသိကိန်းများ၏ အတ္ထုပ္ပတ္ထိအကြောင်း ကျွန်တော့်ခေါင်းထဲ မေးခွန်းပေါင်းများစွာ။ တွေးဆအဖြေရှာကြည့်သော်လည်း အဖြေကအဆင်သင့်မရှိ။ သေချာခြင်းမရှိသည့်မနက်ဖြန်တွင် မသိကိန်းများ၏အတ္ထုပတ္ထိသည် ပုပ်ဆွေးနေသည့် သစ်သီးတစ်လုံးမျှသာ ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts