မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ‘တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်’ စာအုပ်ထုတ်ဝေသည့် ၈၈ မျိုးဆက်အဖွဲ့ တရားစွဲခံရ

‘တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်’ စာအုပ်ထုတ်ဝေသည့် ၈၈ မျိုးဆက်အဖွဲ့ တရားစွဲခံရ

ရေးသားသူ:

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာကဏ္ဍမှ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေခဲ့သည် ‘တောင်ယာခင်းနှင့် သွေးချင်းမျက် ရည်’ စာအုပ်အား ဦးရန်လင်းအောင်ပါ ၅ ဦးတို့က မိမိနစ်နာသည်ဟုဆိုကာ စာအုပ်ထုတ်ဝေခဲ့သည့် တာဝန်ရှိသူ ၃ ဦးအား တရားမမှုဖြင့် မော်လမြိုင်ခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဦးရန်လင်းအောင်ပါ ၅ ဦးမှ မြေလွတ်မြေရိုင်း ၁၇၄ ဧကလျှောက်ထားရာတွင် ဒေါ်အေးရီလုပ်ကိုင်နေသောမြေလည်း ပါဝင်သည်ဟုဆိုကာ အတင်းအဓမ္မ ဝင်ရောက်လုပ်ကိုင်လျှက်ရှိကြောင်း၊ ယခင်ဒေသခံများက မြေလွတ် မြေရိုင်း လျှောက်ရာတွင် မြေစာရင်းဌာမှ လုပ်ကိုင်ခွင့်မပေးပဲ ဦးရန်လင်းအောင်ပါ ၅ ဦးအား လုပ်ကိုင်ခွင့်ချပေးခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မော်လမြိုင်ခရိုင်တရားရုံးရှေ့အမှတ်ဓါတ်ပုံ(MNA)
၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မော်လမြိုင်ခရိုင်တရားရုံးရှေ့အမှတ်ဓါတ်ပုံ(MNA)
“အဓိကက ကျမတို့ တဦးတယောက်ကို နစ်နာစေတဲ့ရည်ရွယ်ချက်မရှိပါဘူး။ ဒီစာအုပ်မှာကလူတစ်ဦး တယောက်ထဲကိုဦးတည်ပြီး ထုတ်ထားတာမဟုတ်ဘူး။ ဌာနဆိုင်ရာတွေလည်ပါတယ်။ တပ်သိမ်းတာလဲပါတယ်။ နာမည် ကြီး သူဌေးတွေ သိမ်းထားတာကိုလည် အကုန်လုံးစာရင်းပြုစုပြီးထုတ်တာပါ” ဟု ၈၈ မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့ အစည်းမှ လယ်ယာစီးပွားနဲ့ တောင်သူလယ် သမားရေးရာကဏ္ဍမှ ဒုတာဝန်ခံ ဒေါ်နုနုအောင်က ဆိုသည်။

အဆိုပါအစီရင်ခံစာအုပ်အား ဒေသခံပြည်သူများနှင့် ကိုယ်တိုင်သွားရောက်မေးမြန်ပြီး အချက်အလက်ရယူခြင်း ရှိသလို ရုံးကိုလာရောက်တိုင်ထားသည့်တိုင်စာများပါဝင်ကြောင်းနှင့် စာအုပ်ပါအချက်အလက်များအား လူတိုင်း သိရှိနားလည်အောင် ကူးယူဖော်ပြခွင့်ပြုထားကြောင်း ဒေါ်နုနုအောင် က ဆက်ပြောသည်။

တရားစွဲဆိုခံရသူ ၃ ဦးမှာ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လယ်ယာစီးပွားနှင့် တောင်သူလယ် သမားရေးရာကဏ္ဍ တာဝန်ခံ ကိုထွန်းမြင့်အောင်၊ ဒုတာဝန်ခံ နှစ်ဦးဖြစ်သည် ကိုမျိုးသန့်၊ ဒေါ်နုနုအောင်တို့ ပါဝင်ကြပြီး ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင် ကလည် အမှုလိုက်ပါ ကူညီဆောင်ရွက်နေသည်ဟု သိရသည်။

တရားလို၏ရှေ့နေဖြစ်သည့် ဒေါ်ပန်းအိဖြူက “အခုသူတို့က နယ်မြေကျူးကျော်ပြီး ခြံမြေ တွေကို တရားလိုဘက်က ရယူခဲ့တယ်ဆိုပြီး စာအုပ်ထုတ်ခဲ့တယ်။ အဲဒါနဲ့ပတ်သတ်ပြီး ကျမတို့ဘက်က အသရေဖျက်မှုနဲ့မစွဲပါဘူး။ နစ်နာကြေးအနေနဲ့ပေးဆပ်ဖို့ တရားစွဲခဲ့တာပါ” ဟု ဆိုသည်။

တောင်သူလယ်သမားများများ၏ ပြောကြားချက်၊ တိုင်ချက်များကို အခြေခံပြီး အစိုးရဌာနအသီးသီးမှ ကူညီ ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ပြီး ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာကဏ္ဍမှ ‘တောင်ယာခင်းနှင့် သွေးချင်းမျက် ရည်’ စာအုပ်အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေခဲ့ပြီး မည်သူမဆို ထပ်မံကူးယူဖြန့်ချီခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သတ်၍ ဒီဇင်ဘာ ၁၅ ရက်နေ့က မော်လမြိုင်ခရိုင်တရားရုံး၌ နှစ်ဦးနှစ်ဖက်တွေ့ဆုံညှိနှိုင်းခဲ့ပြီး လာမည့် ဒီဇင် ၂၈ ရက်နေ့တွင် ဒုတိယအကြိမ်ရုံးချိန်း ထပ်မံထပ်ချိန်ဆိုထားသည်ဟု ဆိုသည်။

About မွန်သတင်းအေဂျင်စီ

Check Also

တာဝန်ရပ်လိုက်သည့်ရေးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးနေရာ အသစ်ပြန်ရွေးမည်

ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် တာဝန်မှရပ်စဲလိုက်သည့် ရေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦး နေရာတွင် အုပ်ချုပ်ရေးမှူးအသစ်ကို တစ်လအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ရေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးမှ သိရသည်။ …

Leave a Reply

%d bloggers like this: