မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ဝင်အားလုံး တပြိုင်တည်း နှုတ်ထွက်မှု ရေးမြို့တွင် ဖြစ်ပွား

ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ဝင်အားလုံး တပြိုင်တည်း နှုတ်ထွက်မှု ရေးမြို့တွင် ဖြစ်ပွား

ရေးသားသူ: >

ရွေးချယ်ပြီးစီးပြီ ဖြစ်သည့် ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပယ်ချပြီး အသစ်ပြန်လည် ရွေးချယ်ရန် ပြောဆိုလာသည့်အတွက် ကြီးကြပ်ရေးအဖွဲ့ဝင်အားလုံး နှုတ်ထွက်လိုက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြသည့် နှုတ်ထွက်စာအရ သိရသည်။

ရပ်ကွက်ကြီးကြပ်ရေးများ နှုတ်ထွက်စာ(Copy)
ရပ်ကွက်ကြီးကြပ်ရေးများ နှုတ်ထွက်စာ(Copy)

ကြီးကြပ်ရေးအဖွဲ့ဝင် ၅ ဦး လက်မှတ်ပါ ဇန်နဝါရီလ ၁၄ ရက် နေ့စွဲဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြသည့်စာတွင် “ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးအပ်ထားသော အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကြီးကြပ်ရေးတာဝန်များကို ဆက်လက်ဆောင်ရွက်ရန် ဆန္ဒမရှိပါသဖြင့် နှုတ်ထွက်ခွင့်ပြုပါရန် တင်ပြအပ်ပါသည်” ဟု ရေးသားပါရှိသည်။

နှုတ်ထွက်ခွင့်ပြုရန် တင်ပြသည့် အောင်မေတ္တာရပ်ကွက်မှ ကြီးကြပ်ရေးအဖွဲ့ဝင် ၅ ဦးမှာ ဦးညီညီလွင်၊ ဦးကျော်စိုးတင့်၊ ဦးစိုးနိုင်၊ ဦးထွန်းလင်းနှင့် ဒေါ်မူ တို့ ဖြစ်ကြပြီး၊ အောင်မေတ္တာရပ်ကွက်မှ ဆယ်အိမ်မှုးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရွေးချယ်နိုင်ရန်အတွက် ရပ်ကွက်နေ ပြည်သူများက ၎င်းတို့ကို ရွေးချယ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ပေးခဲ့သည်။

ကြီးကြပ်ရေးအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဦးစိုးနိုင် က “ရွေးပြီးပြီ ဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆယ်အိမ်မှူး သုံးဦးက သဘောမတူဘူးဆိုပြီး၊ တိုင်လိုက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်ရွေးခိုင်းတဲ့အတွက် နှုတ်ထွက်တာ ဖြစ်တယ်” ဟုု ပြောသည်။

ဖြစ်စဉ်များအရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အောင်မေတ္တာရပ်ကွက် ဆယ်အိမ်မှူး ၄၉ ဦးကို လှျို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်ပြီးနောက်၊ ၎င်းထဲမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်ခံသူ ၅ ဦးအနက် တစ်ဦးကို ဆယ်အိမ်မှူးများက ရွေးချယ်ရာတွင် ဦးခင်မောင်မြင့် က မဲအများဆုံး ၂၃ မဲဖြင့် ဒုတိယမဲအများဆုံးရသူနှင့် ၁၁ မဲ ပြတ်ကာ ရွေးချယ်ခံရသည်။

ဦးခင်မောင်မြင့်အား ရပ်ကွက်အုပ်ချုပ်ရေးမှူး သတ်မှတ်အရည်အချင်း ၁၁ ချက်အနက် “ရပ်ကွက်အတွင်း တစ်ဆက်စပ်တည်း အနည်းဆုံး ၁၀ နှစ် နေထိုင်လျက် ရှိရမည်” အချက်နှင့် မကိုက်ညီဟူသော အကြောင်းပြချက်ဖြင့် ဦးလှသန်း အပါ ဆယ်အိမ်မှူး ၃ ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးသို့ စာဖြင့် ကန့်ကွက်တိုင်ကြားခဲ့ပြီး၊ ဦးခင်မောင်မြင့်အား ပြန်လည်စိစစ်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ကြီးကြပ်ရေးအဖွဲ့သို့ အကြောင်းပြန်ခဲ့သည်ဟု ဦးစိုးနိုင် က ပြောသည်။

ပြန်လည်စိစစ်ရာတွင် ဦးခင်မောင်မြင့်မှာ ရပ်ကွက်အတွင်း ၂၀၀ရ ခုနှစ် ဇန်နဝါရီမှ စတင်နေထိုင်ခဲ့ပြီး၊ ၂၀၀ရ ခုနှစ် မတိုင်မီကလည်း ၁၀ နှစ်ကျော် နေထိုင်လာခဲ့ကြောင်း၊ လက်ရှိတွင် ရပ်ကွက်အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဖြစ်ပြီး၊ ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာ လုပ်ဆောင်နေသူတစ်ဦး ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ အပါအဝင် အိမ်ထောင်စုစာရင်းမိတ္တူနှင့်တကွ ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြလာခဲ့သည်။

ကန့်ကွက်ချက် ဖြစ်သည့် “ရပ်ကွက်အတွင်း တစ်ဆက်စပ်တည်း အနည်းဆုံး ၁၀ နှစ် နေထိုင်လျက် ရှိရမည်” အချက်အရ ၁၀ နှစ်ပြည့်ရန် ၁ နှစ်လိုနေသော်လည်း လက်ရှိတွင် ရပ်ကွက်အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဖြစ်ပြီး၊ ရပ်ကွက်အကျိုး သယ်ပိုးဆောင်ရွက်နေသူတစ်ဦး ဖြစ်ခြင်း၊ ဆယ်အိမ်မှူးများ၏ ထောက်ခံမဲ အပြတ်ဖြင့် အနိုင်ရရှိထားခြင်း စသည်တို့ကို ကြီးကြပ်ရေးအဖွဲ့က ထည့်သွင်းစဉ်းစား တိုင်ပင်ဆွေးနွေးပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် သင့်လျော်ကြောင်း မှတ်ချက်နှင့်တကွ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပြန်လည်တင်ပြခဲ့သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကြီးကြပ်ရေးအဖွဲ့ဝင်များကို ခေါ်ယူပြီး၊ အိမ်ထောင်စုစာရင်းအရ ၁၀ နှစ် မပြည့်ခြင်းကြောင့် ကြီးကြပ်ရေးအဖွဲ့က သုံးသပ်တင်ပြသည့် မှတ်ချက်ကို ဥပဒေအရ လက်မခံနိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။ ထိုနေ့တွင်ပင် ကြီးကြပ်ရေးအဖွဲ့ဝင်အားလုံး စာတင်ကာ နှုတ်ထွက်လိုက်ကြခြင်း ဖြစ်သည်။

ပြည်ထောင်စုအစိုးရသစ် ပေါ်ပေါက်လာမည့် ကာလမှသာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ရွေးချယ်တာဝန်ပေးအပ်ရန် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အတည်ပြုလိုက်ပြီ ဖြစ်သည့်အတွက် လက်ရှိတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို ရပ်တန့်ထားဆဲ ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: