spot_img
Tuesday, March 19, 2024
More
    spot_img
    Homeသတင်းအံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းအတွက် Toyo Thai နှင့် ပူးပေါင်းရန် လင်းရောင်ခြည်ဦး ဆုံးဖြတ်

    အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းအတွက် Toyo Thai နှင့် ပူးပေါင်းရန် လင်းရောင်ခြည်ဦး ဆုံးဖြတ်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် Toyo Thai ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ရန် လင်းရောင်ခြည်ဦး ကုမ္ပဏီက ဆုံးဖြတ်ထားကြောင်း မန်နေဂျင်းဒါရိုက်တာ ‘မိဌေးဌေးဝင်း’ က ပြောသည်။

    လင်းရောင်ခြည်ဦး ကုမ္ပဏီသည် စီမံကိန်းဒေသအနီးတွင် မြေဧက ၄၀ဝ ခန့်ကို ဝယ်ယူထားပြီး၊ Toyo Thai ကုမ္ပဏီ၏ ကမ်းလှန်းချက်ကို လေ့လာသုံးသပ်ပြီးနောက် ပူးပေါင်းရန် ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကုမ္ပဏီနှစ်ခု ပူးပေါင်းသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားတွင် ပြောကြားခြင်း ဖြစ်သည်။

    မိဌေးဌေးဝင်း က “အမတို့ဘက်က အင်အား ရှိသလောက်ကို ပူးပေါင်းမှာပဲ၊ အခုက စမ်းသပ် လေ့လာတဲ့အဆင့်ပဲ ရှိတဲ့အတွက်ကြောင့် ဘယ်လိုပါဝင်မလဲဆိုတာ မပြောတတ်သေးဘူး” ဟု ပြောသည်။

    အံဒင်ဒေသတွင် မြေယာများ စတင်ဝယ်ယူစဉ်က ငါးမွေးမြူရေးအတွက်သာ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောက်မီးသွေးစက်ရုံ စီမံကိန်း တာဝန်ခံ ‘မိနီနီစံ’ က ၎င်းတို့နှင့် ပူးပေါင်းရန် ကမ်းလှန်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံရှိ စက်ရုံကို လေ့လာပြီးမှ ပူးပေါင်းရန် သင့် မသင့်ကို ဆုံးဖြတ်မည်ဟု ပြန်လည်တုန့်ပြန်ခဲ့ကြောင်း၊ ယခု လေ့လာတွေ့ရှိချက်အရ ဂျပန်နည်းပညာသည် ဒေသအတွက် သင့်တော်မည်ဟု ယုံကြည်သဖြင့် Toyo Thai ကုမ္ပဏီနှင့် ပူးပေါင်းရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း သူမက ဆက်ပြောသည်။

    မော်လမြိုင်- ရေး ကားလမ်းမပေါ်ရှိ ပုပ္ဖဝတီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ ကုမ္ပဏီနှစ်ခုမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု အစိုးရ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျင်နီယာမှူးကြီး ဒေါက်တာဝင်းမြင့်၊ မွန်ပြည်နယ် အစိုးရ လျှပ်စစ်နှင့် စက်မှုဝန်ကြီး နိုင်လဝီအောင်၊ ပြည်နယ် ဥပဒေချုပ် ဦးဝင်းကြည် အပါအဝင် ရေးမြို့နယ်မှ ဌာနဆိုင်ရာများ၊ ကျေးရွာအသီးသီးမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

    အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်း တာဝန်ခံ မိနီနီစံ ကလည်း “လင်းရောင်ခြည်ဦး ကုမ္ပဏီဟာ ပြည်တွင်းကုမ္ပဏီ ဖြစ်တယ်၊ ပြည်တွင်းမှာ အကောင်အထည်ဖော်မယ် ဆိုရင် ဒေသလုပ်ဖော်ကိုင်ဖက် လိုအပ်တယ်လေ၊ ဒါ့ကြောင့် လင်းရောင်ခြည်ဦး ကုမ္ပဏီကို လက်တွဲဖို့ ကမ်းလှန်းခဲ့တာ” ဟု ပြောသည်။

    Toyo Thai Corporation Public Co., Ltd (TTCL) မှ Mr. Hironobu Iriya (President& CEO) က အံဒင်ကျေးရွာတွင် ဧပြီလက အဆိုပြုခဲ့သည့် (USC – Ultra Super Cricital) အဆင့်မြင့် နည်းပညာကို အသုံးပြုပြီး ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးမည်ဟု ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

    Mr. Hironobu Iriya က “အဆိုပြုထားတဲ့ USC နည်းပညာကို သယ်လာမယ်၊ ပြီးရင် တိုရှီဘာတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ပေးသွားမယ်” ဟု ပြောသည်။

    တိုယိုထိုင်းကုမ္ပဏီမှ Piping Engineering ကိုထက်အောင် ကလည်း USC နည်းပညာသည် ဂျပန်တွင် နောက်ဆုံးအသုံးပြုသည့် နည်းပညာ ဖြစ်ပြီး၊ စက်ရုံမှ ထွက်သည့် လျှပ်စစ်ဓါတ်အားသုံး အမှုန်အမွှား ၉၉ ဒသမ ၉ ရာနှုန်းကို ဖယ်ရှားပေးနိုင်မည်ဟု ပြောသည်။

    ပြည်နယ်လျှပ်စစ်ဝန်ကြီး ‘နိုင်လဝ႘အောင်’ က ရေးမြို့နယ် လျှပ်စစ်မီး ရရှိရန် မဖြစ်မနေ လုပ်ဆောင်သွားမည်ဟု ပြောကြားခြင်း ကြောင့် စက်ရုံ တည်ဆောက်လာမည်ကို ဒေသခံများ ပိုမိုစိုးရိမ်လျှက် ရှိသည်။

    အလားတူ ဒေသခံ သံဃာတော်များက စက်ရုံစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ခြင်း မပြုရန် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးထံသို့ မေတ္တာရပ်ခဲ့ပြီး၊ ထိုနေ့မှ စတင်၍ စီမံကိန်းကို ဆန့်ကျင်သည့် ကန့်ကွက်လက်မှတ်များ ကောက်ခံလျက် ရှိသည်။

    ထိုမျှမက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း ဖာလိန်ဒေသ သံဃာတော် ၁၀ ပါးနှင့် ဒေသခံ ၂၀ ခန့်က မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်သို့ သွားရောက်ကာ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဤစီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးကာ အကြံညာဏ်များ ရယူခဲ့ကြသည်။

    မွန်ပြည်သစ်ပါတီမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် နိုင်ငံရေးပြဿာနာ ဖြေရှင်းမှု မပြီးမချင်း ဧရာမစီမံကိန်းများကို ရင်းနှီးမြှုပ်နှံမှု မပြုလုပ်သင့်ကြောင်း သဘောထားပေးထားပါသည်။

    ၎င်းပြင် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင်လည်း ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) က ဦးဆောင်ပြီး ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း အင်အား (၄၀ဝ) ကျော်ဖြင့် ဆန္ဒပြခဲ့ကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    19,700SubscribersSubscribe
    spot_img

    Latest posts