spot_img
Tuesday, March 19, 2024
More
    spot_img
    Homeသတင်းမွန်လူငယ်များအနေ့အခမ်းအနားတွင် နိုင်ငံရေးပါတီခေါင်းဆောင်အချို့ မတက်ရောက်

    မွန်လူငယ်များအနေ့အခမ်းအနားတွင် နိုင်ငံရေးပါတီခေါင်းဆောင်အချို့ မတက်ရောက်

    -

    ယမန်နေ့တွင် ကျင်းပသည့် တတိယအကြိမ်မြောက် မွန်လူငယ်များ အနေ့အခမ်းအနားသို့ ဖိတ်ကြားထားသည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တစ်ချို့ တက်ရောက်ခြင်း မရှိကြောင်း တတိယအကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားဖြစ်မြောက်ရေး ကော်မတီနာယက ‘ဆရာတော်အရှင်သီဟ’ က မိန့်ကြားတော်မူသည်။

    တတိယအကြိမ် မွန်လူငယ်များနေ့အခမ်းအနားကို မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာတွင် ယခုလ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။

    ဆရာတော် အရှင်သီဟက “ဆရာတော်တို့က မွန်နိုင်ငံရေးပါတီ (၄ ပါတီ) စလုံးကို ဖိတ်ထားပါတယ်၊ ပါတီခေါင်းဆောင်တွေ အားလုံးကိုလည်း ကျနော်တို့ မွန်လူမျိုးတွေရဲ့ ခေါင်းဆောင်တွေပဲလို့ ယူဆ ထားပါတယ်၊ လူမျိုးတမျိုးရဲ့ ခေါင်းဆောင်အားလုံးက လူငယ်တွေရဲ့ ခေါင်းဆောင်တွေပါပဲ" ဟု ဆက်လက်မိန့်ကြားပါသည်။

    တတိယအကြိမ် မွန်လူငယ်များနေ့ အခမ်းအနား တက်ရောက်ရန်အတွက် မွန်နိုင်ငံရေးပါတီများဖြစ်သည့် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှင့် အမျိုးသမီးပါတီတို့ကို ဖိတ်ကြားထားပြီး အခမ်းအနားကို မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားပါတီတို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရှိရပါသည်။

    တတိယအကြိမ် မွန်လူငယ်များအနေ့ အခမ်းအနား မတက်ရောက်နိုင်သည်နှင့် ပတ်သက်၍ မွန်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီအဖွဲ့ဝင် ‘နိုင်စိုးမြင့်’ အား မွန်သတင်းအေဂျင်စီမှ မေးမြန်းရာ “ဒီအခမ်းအနားကို ကျနော်တို့ မတက်ဖြစ်ပါဘူး၊ သူတို့ (ကျင်းပရေးကော်မီတီ) က ပါတီ (၄) ပါတီ စလုံးကိုဖိတ်ကြားတယ် အတူတူ ထိုင်စေတယ်၊ ဒါက ကျနော်တို့အတွက် ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။

    မွန်လူငယ်များနေ့ တက်ရောက်သည့် ကိစ္စနှင့် ပတ်သက်၍ မိမိတို့ မွန်အမျိုးသားပါတီနှင့် မွန်ပြည်သစ်ပါတီ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မွန်ပြည်သစ်ပါတီဘက်မှလည်း အခြားပါတီ (၂) ပါတီကို အသိအမှတ် မပြုထားကြောင်း၊ မွန်ပြည်သစ်ပါတီ ဘက်မှလည်း တက်ရောက်နိုင်မည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် မွန်အမျိုးသားပါတီလည်း အလားတူ မွန်လူငယ်များနေ့ အခမ်းအနား တက်ရောက်နိုင်မည် မဟုတ်ကြောင်းကို အခမ်းအနားဖြစ်မြောက်ရေး ကော်မတီအဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း ‘နိုင်စိုးမြင့်’ က ပြောသည်။

    “ကျနော်တို့ပါတီအနေနဲ့က အစကတည်းက လူငယ်အဖွဲ့တွေကို ရှင်းပြထားပါတယ်၊ မွန်ပြည်သစ်ပါတီ ဆိုလည်း ဒီလိုပဲ ရှင်းပြထား ပါတယ်၊ ဒါပေမဲ့ ကျင်းပတဲ့ ကော်မီတီတွေက (၄) ပါတီလုံးကို ဖိတ်တယ် (သဘာပတိ) ထိုင်ခုံ (၄) ခုံ ထားပြီး ကျနော်တို့ မတက်ရောက်နိုင်ဘူးလို့ ကြေညာလိုက်တော့ ဒါက ဝမ်းနည်းစရာ ကောင်းပါတယ်၊ မတက်ရောက်နိုင်တဲ့ အကြောင်းကို ကျနော်တို့က အစကတည်းက ကြိုပြီး အသိပေးထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ဆက်လက်၍ ယခုအကြိမ် ပါတီခေါင်းဆောင်တွေ မတက်ရောက်နိုင်ပေမယ့်လည်း နောင်တစ်ချိန် တက်ရောက်နိုင်ဖို့အတွက်ကို မိမိတို့ လူငယ်အဖွဲ့တွေ မျှော်လင့်ကြောင်း၊ လူငယ်တွေရဲ့တာဝန်သည် လူငယ်အချင်းချင်းကြား ပေါင်းစည်းညီညွတ်မှုသည်သာ အရေးကြီး ကြောင်း ‘ဆရာတော်အရှင်သီဟ’ က ဆက်လက် မိန့်ကြားပါသည်။

    တတိယအကြိမ် မွန်လူငယ်များနေ့အခမ်းအနားတွင် ယမန်နှစ်ပြုလုပ်သည့် ဒုတိယအကြိမ်ထက် တက်ရောက်သူ နည်းပါးကြောင်း၊ ထိုသို့ နည်းပါးသော်လည်း လူငယ်များအတွက် ပညာပေးအစီစဉ်ဖြစ်သည့် မူယစ်ဆေးဝါ သုံးစွဲမှုဆိုင်ရာ ပညာပေး ပြခန်းများနှင့် အံဒင် ကျောက်မီးသွေးစက်ရုံ ကန့်ကွက်သည့် လှုပ်ရှားမှုများ ပြုလုပ်သွားနိုင်ကြောင်း သိရသည်။

    “ဒီအခမ်းအနား ကနေပြီးတော့ ရေးမြို့နယ် အံဒင်ကျောက်မီးသွေးစက်ရုံ ဆန့်ကျင်ရေး လက်မှတ်ကောက်ယူတဲ့ အစီအစဉ်တွေ လုပ်သွားတယ်၊ ဒီလက်မှတ်တွေကို ပြည်ထောင်စုလွှတ်တော် အထိ ကျနော်တို့ ဆက်ပြီး တင်ပြသွားမယ်” ဟု အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ‘နိုင်ဇာနဲဦး’ က ပြောသည်။

    မွန်လူငယ်များနေ့သည် မွန်လူငယ်များညီလာခံကို အခြေပြု၍ ၂၀၁၂ ခုနှစ် ဧပြီလတွင် အားလုံး၏ သဘောတူညီမှုဖြစ် ဒီဇင်ဘာ ၂၈ ရက်နေ့ကို မွန်လူငယ်များနေ့အဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

    ပထမအကြိမ် မွန်လူငယ်များနေ့ အခမ်းအနားကို ကရင်ပြည်နယ် ကြာအင်းဆိတ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာတွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲရှိ မော့ကနင်ကျေးရွာတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး ယခုတတိယ အကြိမ်ကို မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    19,700SubscribersSubscribe
    spot_img

    Latest posts