ဦးသန်းညွှန့်က “ဦးစံလင်း ခေါင်းလောင်းတွေ့ပြီးလို့ သတင်းထုတ်ပြန်တာ သူကုန်းပေါ်မှာ တွေ့ရင်တွေ့မယ်၊ ကျနော်တို့ရေအောက်မှာတော့မတွေ့ပါဘူး၊ ကျနော်တို့ တွေ့တာက ရွှံ့တွေ၊ သင်္ဘောပျက် တစ်စီးပဲတွေ့တယ်” ဟုပြောသည်။
မွန်ဓမ္မစေတီခေါင်းလောင်းကြီး ကြိုးချည်နေသည်ဟုပြောဆိုသည်မှာ သင်္ဘောပျက်ကို ကြိုးချည်နေခြင်းသာ ဖြစ်ပြီး၊ ခေါင်းလောင်းနှင့်ပတ်သက်၍ အရိပ်အရောင်တောင် မတွေ့ခဲ့ပါဘူး ဟုပြောသည်။
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီ ဒု-ဥက္ကဌ နိုင်မင်းအောင်က “ခေါင်းလောင်းမတွေ့ခဲ့ပါဘူး၊ ရေငုပ်သမားတွေက သင်္ဘောပျက်လို့ပြောခဲ့ပါတယ်၊ ဦးစံလင်းက ဘိုးတော်စကားကို ယုံခဲ့မိလို့ဖြစ်သွားတာပါ” ဟုပြောသည်။
ထို့နောက် သြဂုတ်လ ၂၆ ရက်နေ့တွင် ခေါင်းလောင်းတွေ့ရှိကြောင်း သတင်းထုတ်ပြန်လိုက်သည်မှာ လုပ်ငန်း ရပ်ဆိုင်းသွားမည်ကို စိုးရိမ်စိတ်ဖြင့် ဦးစံလင်း သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။
ခေါင်းလောင်းရှာဖွေးရေးကို ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း တို့ဆုံစည်းရာ မြစ်ဆုံအနီး၌ ဦးစံလင်း၏ ညွှန်ကြားချက်ဖြင့်၊ သောင်တူးစက်ချထားသည့် နေရာအနီးတစ်ဝိုက်သာ ရှာဖွေခဲ့သည်ဟု ဆက်ပြောသည်။
ရေငုပ်သမား ၁၀ ဦးတို့မှ တစ်ရက်လျှင် ရေထချိန် မနက်၊ ညနေ တစ် ကြိမ်စီ ငုပ်ပြီး၊ ရေစီးကြမ်းသည့် ရက်တွင် ရေမငုပ်နိုင်ကြောင်း ဦးသန်းညွှန့်က ပြောသည်။ မွန်ရှေးဟောင်းသုတေသန ပညာရှင် နိုင်မောင်တိုးက “အစပိုင်းတော့ ခေါင်းလောင်းကြီးကို တွေ့ပြီ၊ တွေ့ပြီ ပြောတယ် နောက်ပိုင်း ရှူးသွားကြတာချည်းပဲ၊ ဘာပဲဖြစ်ဖြစ်ပေါ့နော် အခုကျနော်တို့ မွန်ရှေ့ဟောင်းအမွေနှစ် တကယ် ရှိခဲ့တယ်ဆိုတာ ကမ္ဘာထိတောင်ပျံ့သွားပြီး” ဟုပြောသည်။
ဓမ္မစေတီခေါင်းလောင်းအား ၁၉၉၇ ခုနှစ် ဇွန်လ (၁၀)ရက်နေ့၊ ၁၉၉၈ ဇွန် (၂၆) ရက်၊ ၁၉၉၈ အောက်တိုဘာလ (၁၃)ရက်၊ ၁၉၉၉ ခုနှစ် သြဂုတ်လ (၁၃) ရက်၊ ၂၀ဝဝ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် (၅ )ကြိမ်တိုင်တိုင် ဦးစံလင်းက ကြိုးစားဆယ်ယူခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။
ဦးစံလင်း ကိုဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသည်နှင့်သာကြုံခဲ့ရသည်။
မွန်ဓမ္မစေတီခေါင်းလောင်း ရှာဖွေ ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သြဂုတ်လ ၉ ရက်မှ စတင်ရှာ ဖွေတူးဖော်ပြီး ၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ခေါင်းလောင်းတွေ့ရှိပြီးဖြစ်ကြောင်းကို သတင်းထုတ်ပြန်ခဲ့သည်။
ခေါင်းလောင်းရှာဖွေခြင်း ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ သိန်း ၂၀ဝဝ နီးပါးခန့် အထိ ရှိမည်ဟု ခန့်မှန်းထားသည်။