စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကြောင့် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း အထိန်းအကွပ်မဲ့ လက်နက်ကိုင်ဆောင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုး တစ်ချို့ရှိလာကြောင်း အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။
အဆိုပါ ဥပဒေအရ တရားဝင်လက်နက်ကိုင်ဆောင်လိုသည့် မည်သူမဆို လိုင်စင်လျှောက်တင်ရမည်လို့ ဖော်ပြထားပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှုးများက မှောင်ခိုစျေး ကွက်ဖြင့်လည်းကောင်း၊ စစ်တပ်နှင့် နားလည်မှု ရယူပြီးသော်လည်းကောင်း လက်နက်များကို ဝယ်ယူကိုင်ဆောင်နေကြတယ်လို့ မုဒုံမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှုး အသိုင်းအဝိုင်းထံမှ သိရသည်။
"မုဒုံမြောက်ပိုင်းက ရွာအုပ်ချုပ်ရေးမှုးတစ်ဦးဆိုရင် KTV စားသောက်ဆိုင်တစ်ခုကို ဝင်ထိုင်ပြီးတော့မှ အဲဒီဆိုင်က ဝန်ထမ်းလေးတွေကို သူကိုင်ထားတဲ့သေနတ်နဲ့ ခြိမ်းခြောက်တဲ့ဖြစ်ရပ်တွေရှိခဲ့တယ်၊ ဒါက ဒီတစ်ရက်နှစ်ရက်အတွင်းမှာပဲ လောလောလတ်လတ် ဖြစ်သွားတဲ့ကိစ္စပါ"ဟု အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောသည်။
KTV စားသောက်ဆိုင်တစ်ခုတွင် လက်နက်ထုတ်ပြ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည့် အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှုးအား အရေးယူမှုပြုလုပ်နိုင်ရန် မြို့နယ်စစ်ကောင်စီ (မစက) က ဆောင်ရွက်နေတယ်လို့ သိရကြောင်း ၎င်းက ဆက်ပြောသည်။
ဒါ့အပြင် မုဒုံမြို့နယ် တောင်ပိုင်းဘက်တွင်ရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ချို့မှာလည်း သေနတ်လက်ဝယ်ကိုင်ဆောင်ထားသည်ကို အခွင့်အကောင်းယူပြီး မိမိရဲ့ရွာသူရွာသားများအပေါ် အနိုင်ကျင့်သည့်အပြုအမှုတွေ ပိုမိုလုပ်ဆောင်လာကြတယ်လို့ သိရသည်။
"လက်ရှိအခြေအနေအရ ကျနော်တို့ မုဒုံမြို့နယ်ဘက်မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုး အတော်များများဟာ မှောင်ခိုးစျေးကွက်နဲ့ပဲ သေနတ်တွေကို ကိုယ်စီးကိုင်ထားကြပါတယ်၊ ဒါက သူတို့ (စစ်ကောင်စီ) ဥပဒေတွေ ထုတ်ပြန်ပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ ကိစ္စပါ၊ ဒါကြောင့် သေနတ် လက်ဝယ်ရှိတဲ့ တစ်ချို့ အုပ်ချုပ်ရေးမှုးတွေကတော့ ပြည်သူတွေကို ခြိမ်းခြောက်တဲ့ဖြစ်ရပ်တွေ၊ ပြောချင်တာက သေနတ်အားကိုးနဲ့ အထိန်းအကွပ်မဲ့တဲ့ဖြစ်ရပ်တွေ အမျိုးမျိုးပေါ်ပေါက်လာတယ်၊ ဒါက ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး။"ဟု မြို့နယ်အဆင့်စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့်သူတစ်ဦးက ပြောသည်။
ထိုကြောင့် လက်ရှိနိုင်ငံရေးအခြေအနေအရ လူ့အဖွဲ့အစည်းထဲ လက်နက်များရောက်လာရင် ပဋိပက္ခတွေကို ပိုမိုအရှိန်းမြှင့်ပေးသလိုဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါသည်။
လက်နက် ခဲယမ်းကိုင်ဆောင်ခွင့်ဥပဒေကို လွန်ခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်က ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိအချိန်ထိ လိုအပ်သည့် နည်းဥပဒေ၊ စည်းကမ်းသတ်မှတ်ချက်များ အသေးစိတ်ကို စစ်ကောင်စီက ထုတ်ပြန်လာခြင်းမရှိသေးဘူးလို့ သိရသည်။
