spot_img
Thursday, May 2, 2024
More
    spot_img
    Homeမေးမြန်းချက်ပြည်နယ်အတွင်းက ရေအခက်အခဲပြဿနာနှင့် ပတ်သက်ပြီး ရေအခက်အခဲဖြစ်နေသည့် ကျေးရွာ ရပ်ကွက်တို့ကို ရေလိုက်လံဖြန့်ဝေပေးနေသည့် ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်း

    ပြည်နယ်အတွင်းက ရေအခက်အခဲပြဿနာနှင့် ပတ်သက်ပြီး ရေအခက်အခဲဖြစ်နေသည့် ကျေးရွာ ရပ်ကွက်တို့ကို ရေလိုက်လံဖြန့်ဝေပေးနေသည့် ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်း

    -

    ရာသီဥတု ပူပြင်းလာသည့်အတွက် မွန်ပြည်နယ် မြို့နယ်အများစုတို့တွင် ရေတွင်း၊ ရေကန်တွေအပြင် မြို့ပေါ်ရပ်ကွက်တွေအများစုကို ရေဖြန့်ဝေပေးနေသည့် ဆည်များလည်း ရေခမ်းခြောက်လာသည့်အတွက် သင်္ကြန်နောက်ပိုင်းတွင် ရေရှားပါးမှု အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။

    ပြည်နယ်အတွင်းက ရေရှားပါးမှုပြဿာနာကို လူမှုကယ်ဆယ်ရေး၊ ပရဟိတအဖွဲ့များ အလှူရှင်တို့ကို အားကိုး ဖြေရှင်းနေရပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ကူညီဖြေရှင်းပေးတာမျိုး မရှိဘူးလို့ ဒေသခံနှင့် ရေပေးဝေလှူနေသူတို့ထံမှ သိရသည်။

    ပြည်နယ်အတွင်းက ရေအခက်အခဲပြဿနာနှင့် ပတ်သက်ပြီး ရေအခက်အခဲဖြစ်နေသည့် ကျေးရွာ ရပ်ကွက်တို့ကို ရေလိုက်လံဖြန့်ဝေပေးနေသည့် ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်။

    မေး။ ။ လက်ရှိ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး သိပါရစေ။

    ဖြေ။ ။ အဓိကက သင်္ကြန်ပြီးသွားတဲ့အချိန်ကစလို့ နေအိမ်တွေမှာ သောက်သုံးရေရှားပါးမှုပြဿနာတွေကြုံတွေ့လာကြတယ်ပေါ့နော်။ အဓိကက မြို့ပေါ်တချို့ရပ်ကွက်တွေမှာ လျှပ်စစ်မီးပျက်တော့ ရေတင်လို့မရတာတွေ၊ ရေပေးဝေရေးစနစ်တွေကလည်း လျှပ်စစ်မီးမရတော့ အချိန်မီရေမပို့နိုင်တဲ့အတွက်ကြောင့်ရယ်။ တချို့နေရာတွေမှာကတော့ ရေတွင်းရေကန်တွေခမ်းခြောက်သွားတဲ့အတွက် သောက်သုံးရေပြတ်လပ်လာတွေဖြစ်လာတယ်ပေါ့။
    မော်လမြိုင်မြို့ပေါ်မှာဆိုရင် စမ်းကြီး – အင်းဝိုင်းဘက်မှာဆိုရင် အိမ်ခြေ ၃၀ လောက်ကို နေ့စဉ်ရေပေးဝေနေရတယ်။ အဲ့ဒီနေရာမှာက ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက ရေတွင်းတွေ ရေခမ်းကုန်တယ်လို့ သိရတယ်။ နောက် သာယာအေးရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ ၁၊ ဇေယျာ ၂ အပိုင်းတွေ၊ ရွှေမြိုင်သီရိရပ်ကွက်၊ နောက်ပြီး မုပွန်ရပ်ကွက်ဘက်ခြမ်းတွေမှာ သောက်သုံးရေပြတ်လပ်မှုတွေ တွေ့ကြုံနေကြရပါတယ်။

    မေး။ ။ လက်ရှိမှာ ဘယ်ရေအရင်းအမြစ်ကနေ ရေရယူပြီးတော့ ဖြန့်ဝေလှူဒါန်းမှုတွေလုပ်ဆောင်နေပါသလဲ။

    ဖြေ။ ။ မော်လမြိုင် တောင်ဝိုင်းတောင်ခြေမှာရှိတဲ့ ကင်မွန်းချုံကန်ကနေ စည်ပင်ကနေ ရေတိုင်တစ်ခုရှိတယ်။ လက်ရှိမှာ အဲ့ဒီကနေ ရေယူပြီးတော့ သောက်သုံးရေအခက်အခဲဖြစ်နေတဲ့ ရပ်ကွက်တွေကို လိုက်လံလှူဒါန်းပေးနေပါတယ်။ လက်ရှိအချိန်မှာလည်း အဲ့ဒီနေရာကနေက ရေကရရှိနေပါသေးတယ်။ အရင်ကတော့ ဂါလံ ၈၀၀ ရေကားတစ်စီးကို အချိန် ၃ မိနစ်လောက်ပဲ စောင့်ရတယ်။ အခုက ရေထွက်နည်းလာလို့လားမသိဘူး။ ဂါလံ ၈၀၀ ရေကားတစ်စီးကို အချိန် ၆ မိနစ်လောက်စောင့်ပြီး ရေဖြည့်ရတယ်။ လက်ရှိမှာ စည်ပင်ကရေရနေတော့ ရေပေးဝေမှုအပိုင်းကို လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်ပါသေးတယ်။

    မေး ။ ။ သောက်သုံးရေပြတ်လပ်မှုနဲ့ပတ်သက်လို့ မနှစ်ကနဲ့ ဒီနှစ် အခြေအနေဘယ်လိုကွာလဲ။

    ဖြေ ။ ။ မနှစ်ကလည်း မော်လမြိုင်မြို့ပေါ်ရပ်ကွက်တချို့မှာ သောက်သုံးရေရှားပါးပြတ်လပ်မှုတွေကြုံတွေ့ခဲ့တယ်။ ဒါပေမယ့် ဒီနှစ်မှာက ရေတွင်းရေကန်တွေက အလျင်အမြန်ကိုခမ်းခြောက်ကုန်တယ်လို့ သိရတယ်။ အဓိကက မြေအောက်ရေရှားပါးမှုတွေကိုကြုံတွေ့လာနေပြီး။ နေက်တစ်ချက်က ရာသီဥတုကလည်း ပိုပြီးတော့ ပူပြင်းလာတယ်ပေါ့။ လျှပ်စစ်မီးရရှိတဲ့အချိန်ကလည်း နည်းပါးသွားတာလည်း ပါတယ်ပေါ့။ လျှပ်စစ်မီးပျက်တဲ့အချိန်များတော့ ရေတင်လို့မရကြဘူး။ အဲ့ဒီအတွက်ကြောင့်လည်း ရေအခက်အခဲတွေဖြစ်ကြရတာပါ။ နောက် ကင်မွန်းချုံကန်ရေဆိုရင် ရေထွက်နည်းလာတော့ ကိုယ့်မော်တာနဲ့ကို ရေဆွဲတင်ရတာမျိုးတွေဖြစ်လာတယ်။

    မေး ။ ။ နှစ်စဉ် နွေရာသီရောက်တိုင်း သောက်သုံးရေပြတ်လပ်မှု ပြဿနာကို ဘယ်လိုဖြေရှင်းဆောင်ရွက်သင့်ပါသလဲ။

    ဖြေ ။ ။ မော်လမြိုင်မြို့မှာ အတ္ထရံမြစ်ရေတင်စီမံကိန်းရှိတယ်။ ရွှေနတ်တော်ဆည်ရှိတယ်။ ကင်မွန်းချုံကန်ကြီးရှိတယ်ပေါ့။ အဲ့ဒီ စီမံကိန်းတွေက ရေပေးဝေမှုစနစ်တွေကို ပိုမိုကောင်းမွန်တဲ့ Plan လေးတွေရေးဆွဲသင့်တယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေကိုအချိန်နဲ့ တိတိကျကျလေးပေးဝေစေချင်ပါတယ်။ လက်ရှိရေပေးဝေတဲ့အချိန်မှာလည်း ရေကျတာနည်းလာတယ်။ တချို့နေရာတွေမှာက လျှပ်စစ်မီးလာမှ ရေကိုတင်လို့ရတဲ့အပိုင်းတွေရှိတယ်။ ရေလာတာကလည်း နည်းတယ်။ ရေလာတဲ့အချိန်မှာ လျှပ်စစ်မီးမလာတော့ ရေကိုမတင်လိုက်ကြရဘူး။ အဲ့ဒီတော့ ရေမရကြဘူး။ အဲ့ဒီလိုအခြေအနေမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။

    မော်လမြိုင်မြို့ကို ရေပေးဝေနေတဲ့ စီမံကိန်းတွေရှိပေမယ့် သောက်သုံးရေအခက်အခဲတွေဖြစ်နေတာမျိုးက အဆင်မပြေပါဘူး။ ဒါကို စနစ်တကျလေးဖြစ်အောင် စီမံလုပ်ဆောင်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ လက်ရှိ တောင်ဝိုင်းလမ်းမှာ စည်ပင်က ရေတိုင်လေးလုပ်ပေးထားတယ်။ အဲ့ဒီနေရာကနေ ရေရရှိနေတဲ့အတွက်ကြောင့်လည်း ကျေးဇူးတင်ပါတယ်။

    မေး ။ ။ အရင်ကတော့ မွန်ပြည်နယ်လွှတ်တော်မှာ ရေဂါလံ ၃၀၀၀ ဆံ့တဲ့ ရေကားကြီးနှစ်စီးရှိတယ်လို့ သိရတယ်။ Covid ကာလကစလို့ အဲ့ဒီရေကားတွေကို အသုံးပြုတာမျိုးမတွေ့ရတော့ဘူး။ အဲ့ဒီရေကားတွေနဲ့ပတ်သက်လို့ ဘယ်လိုစီမံဆောင်ရွက်သင့်တယ်လို့ ယူဆပါသလဲ။

    ဖြေ ။ ။ အရင်ကတော့ နွေရာသီရေရှားပါးမှုပြဿနာတွေဖြစ်နေရင် အဲ့ဒီရေကားကြီးတွေနဲ့ ရေလိုက်ဝေတာတွေလုပ်ဆောင်ခဲ့တာမျိုးတွေ့ရတယ်။ Covid ကာလအပြီးနောက်ပိုင်းမှာတော့ အဲ့ဒီရေကားကို ဒီအတိုင်း ထားထားတယ်လို့ သိရတယ်။ အဲ့ဒီရေကားကို သက်ဆိုင်ရာ ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းတွေ အသုံးပြုနိုင်ရေးအတွက်ကို တင်ပြတောင်းဆိုထားတာမျိုးတွေရှိတယ်လို့ သိရတယ်။ ဒါပေမယ့် တာဝန်ယူ၊ တာဝန်ခံပြီးလုပ်ဆောင်ပေးတာမျိုးမရှိသေးဘူးလို့ ကြားသိရတယ်။ ဒါကလည်း အဲ့ဒီ မွန်ပြည်နယ်လွှတ်တော်ပိုင်ရေကားက အစိုးရ စီမံခန့်ခွဲပိုင်ခွင့်မရှိဘူးလို့ သိရတယ်။ မွန်လွတ်တော်အပိုင်းကလည်း အဲ့ဒီရေကားနဲ့ပတ်သက်လို့ ဆောင်ရွက်ပေးဖို့ မဝံ့မရဲဖြစ်နေတယ်လို့ ယူဆပါတယ်။

    အခုလက်ရှိ ကျွန်တော်တို့မှာရှိနေတဲ့ ရေကားက ဂါလံ ၈၀၀ ပဲဆံ့တော့ ရေရှိမှုနဲ့ ဖြန့်ဝေမှုနဲ့ ထိထိမိမိမရှိဘူးဖြစ်နေတယ်။ မွန်ပြည်နယ်လွှတ်တော်က ရေကားကြီးနဲ့ ဆိုရင်တော့ အားရပါးရ ရေလိုက်လှူနိုင်မှာပါ။

    မေး ။ ။ နေ့စဉ် သောက်သုံးရေတွေဖြန့်ဝေလှူဒါန်းပေးနေတာနဲ့ပတ်သက်လို့ ဘယ်လိုအခက်အခဲတွေရှိလဲ။

    ဖြေ ။ ။ အခုလက်ရှိ ရေကားတစ်စီးက တစ်ရက်ကို စက်သုံးဆီအနည်းဆုံး ၄ ဂါလံလောက်ကုန်ပါတယ်။ နှစ်စီးဆိုတော့ စက်သုံးဆီ အနည်းဆုံး ၈ ဂါလံလောက်ကုန်ကျတယ်။ လက်ရှိစက်သုံးဆီဈေးနှုန်းကလည်းမြင့်တော့ အဲ့ဒီအခက်အခဲလေးတွေရှိပါတယ်။ အလှူရှင်တွေကလည်း ဝိုင်းဝန်းထောက်ပံ့လှူဒါန်းပေးမှုတွေက စက်သုံးဆီဖိုးအတွက် ထိုက်သင့်သလောက်အဆင်ပြေပေမယ့် ရေရှည်မှာဆိုတော့ ကားပြင်ဆင်စရိတ်တွေက အခက်အခဲတစ်ခုဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအခက်အခဲလောက်ပဲရှိပါတယ်။

    မေး ။ ။ ရေအခက်အခဲနဲ့ ပတ်သက်ပြီး ဘာတွေဖြည့်စွက်ပြောချင်ပါသေးလဲ။

    ဖြေ ။ ။ ဟိုးအရင်ကတော့ နွေရာသီသောက်သုံးရေရှားပါးပြီးဆိုရင် အဓိကကတော့ မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်တွေနဲ့ ရေလိုက်ပေးဝေတာမျိုးတွေ တွေ့ရတယ်။ စည်ပင်ဆိုရင်လည်း သူတို့ရေကားတွေနဲ့ လိုက်ဝေတာမျိုးရှိခဲ့တယ်။ နောက်ပိုင်း ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကလည်း ရေကားတွေနဲ့ ရေလိုက်ပေးဝေတာမျိုးတွေ ရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ဒီဌာနဆိုင်ရာအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေက သောက်သုံးရေပေးဝေမှုတွေလုပ်ဆောင်နေကြတယ်။ လက်ရှိမှာ အစိုးရအပိုင်းနေကတော့ သိပ်မလှုပ်ကြဘူးလို့ မြင်တယ်။ ဒါကလည်း သူတို့အနေနဲ့ အခြေအနေကိုမသိကြသေးဘူးလို့ ထင်ပါတယ်။ သိရင်တော့ တစ်မျိုးတစ်ဖုံစီမံကြလိမ့်မယ်ထင်ပါတယ်။

    ရာသီဥတု ပူပြင်းလာသည့်အတွက် မွန်ပြည်နယ် မြို့နယ်အများစုတို့တွင် ရေတွင်း၊ ရေကန်တွေအပြင် မြို့ပေါ်ရပ်ကွက်တွေအများစုကို ရေဖြန့်ဝေပေးနေသည့် ဆည်များလည်း ရေခမ်းခြောက်လာသည့်အတွက် သင်္ကြန်နောက်ပိုင်းတွင် ရေရှားပါးမှု အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ 
ပြည်နယ်အတွင်းက ရေရှားပါးမှုပြဿာနာကို လူမှုကယ်ဆယ်ရေး၊ ပရဟိတအဖွဲ့များ အလှူရှင်တို့ကို အားကိုး ဖြေရှင်းနေရပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ကူညီဖြေရှင်းပေးတာမျိုး မရှိဘူးလို့ ဒေသခံနှင့် ရေပေးဝေလှူနေသူတို့ထံမှ သိရသည်။
ပြည်နယ်အတွင်းက ရေအခက်အခဲပြဿနာနှင့် ပတ်သက်ပြီး ရေအခက်အခဲဖြစ်နေသည့် ကျေးရွာ ရပ်ကွက်တို့ကို ရေလိုက်လံဖြန့်ဝေပေးနေသည့် ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts