ထိုင်း-မြန်မာနယ်စပ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် မွန်ပြည်နယ်စျေးကွက်အတွင်းက ထိုင်းကုန်ပစ္စည်းများ ဈေးပြန်တက်လာခဲ့ကြောင်း ထိုင်းကုန်ပစ္စည်းလက်လီ လက္ကားရောင်းဝယ်သူတို့ထံမှ သိရသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး KNU တပ်မဟာ (၆) နယ်မြေတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်မှစကာ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲအရှိန်ကြောင့် အာရှလမ်းမကြီးမှတဆင့် ထိုင်းကုန်ပစ္စည်းများ တင်သွင်းရန် ခက်ခဲလာသည့်အတွက်
ပစ္စည်းများ ဈေးပြန်တက်လာခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ မောင်ငံဈေးမှ ထိုင်းကုန်ပစ္စည်း လက်လီလက္ကာရောင်းဝယ်နေသူတစ်ဦးက ပြောသည်။
“ဆီတွေတက်လာတယ်။ အသားလုံး၊ ကြက်သားမှုန့်၊ ကော်ဖီမစ်တွေ အကုန်ပြန်တက်လာတယ်။ တိုက်ပွဲအသံကြားတာနဲ့ ကုန်သည်တွေက ဈေးတင်တယ်။ တက်ဈေးနဲ့ ဝယ်ရတော့ ကျွန်မတို့ကလည်း တက်ဈေးနဲ့ပြန်ရောင်းရတာပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မွန်ပြည်နယ်စျေးကွက်အတွင်း၌ ထိုင်းကုန်ပစ္စည်းများ အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၁၀၀ ကနေ ကျပ် ၁၀၀၀ အထိ စျေးမြင့်တက်လာခဲ့ကြောင်းလည်း အထက်ပါ ထိုင်းကုန်ပစ္စည်း လက်လီလက္ကာရောင်းဝယ်နေသူက ပြောသည်။
တိုက်ပွဲကြောင့် ကုန်ပစ္စည်းများ တင်သွင်းမရသည့်အတွက် စျေးကွက်အတွင်း၌လည်း ထိုင်းကုန်ပစ္စည်းများ ပြတ်လပ်လာသည်ဟုလည်း ကုန်သည်တို့ထံမှ သိရသည်။
မော်လမြိုင်မြို့ ကုန်စည်ဝင်းမှ ကုန်သည်တစ်ဦးက “အခုက နှစ်ဖက်လုံးသွားလို့မရတော့ ပစ္စည်းကတော့ ပြတ်နေပြီ။ အဲဒါကြောင့် ဈေးတွေက ပြန်တက်လာတာပါ”ဟု ပြောသည်။
မွန်ပြည်နယ်စျေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းအများစုသည် မြဝတီနယ်စပ်မှတဆင့် တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများဖြစ်သည်ဟု စျေးကွက်အတွင်းမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း၌ ထိုင်းမှ တင်သွင်းရောင်းချနေသည့် ကုန်ပစ္စည်းများ စျေးစတက်လာခဲ့ပြီး လက်ရှိတွင် ထိုင်းကုန်ပစ္စည်းစျေးနှုန်း သုံးဆခန့်အထိ စျေးတက်သွားသည်ဟု သိရသည်။