မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ-၁၀)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဇုတ်သုတ်စံပြကျေးရွာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ် စားလှယ်လောင်းဖြစ်ခဲ့သူ ဦးဆန်းထွန်းဦး နိုဝင်ဘာလ ၉ ရက် ယမန်နေ့က သေနတ်ဖြင့်ပစ်သတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း ဘီးလင်းမြို့နယ်ရဲစခန်းမှ သိရှိရသည်။
နိုဝင်ဘာလ ၉ ရက်နေ့ ည ၇ နာရီခန့်တွင် ၎င်းနေထိုင်ရာ ဇုတ်သုတ်ကျေးရွာတိုက်နယ်ဆေးရုံဝင်းထဲ၌ စကားပြောနေစဥ် အမည်မသိလူတစ်စုမှ သေနတ်ဖြင့်လာရောက်လုပ်ကြံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“မနေ့ညကဖြစ်သွားတာပါ။ သေနတ်သမားတွေကိုတော့ ဖမ်းမမိသေးပါဘူး။ သေဆုံးသွားတာ ဟုတ်ပါတယ်” ဟု ဘီးလင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဦးဆန်းထွန်းဦးသည် ဇုတ်သုတ်ကျေးရွာတိုက်နယ်ဆေးရုံရှိ ဆရာဝန်များ CDM လှုပ်ရှားမှုတွင်ပါဝင်ချိန်မှစပြီး ဆေးရုံအတွင်းသို့ပြောင်းရွှေ့နေထိုင်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“CDM တွေစလုပ်တော့ သူက ဆေးရုံဝင်းထဲပြောင်းသွားတာပဲ။ စစ်တပ်ကပြန်ခန့်တဲ့ ဆရာဝန်တွေရောက်လာလည်း သူအဲဒီမှာပဲဆက်နေနေတယ်”ဟု ဇုတ်သုတ်ရွာခံတစ်ဦးက ဆိုသည်။
ဦးဆန်းထွန်းဦးသည် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာတွင် မဲရှုံးနိမ့်ခဲ့သည်။
အလားတူ ယခင်ပြီးခဲ့သည့်လပိုင်းအတွင်း ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ယောက်ဖဖြစ်သူ ဦးသန်းဝင်းထွန်း၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ ဦးတိုးနိုင် (ခ) ဦးရန်ရှင်းတို့အသီးသီး သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခြင်းခံရပြီး သေဆုံးခဲ့ရသည်။