မွန်သတင်းအေဂျင်စီ ( ၁၆ ဇွန် ၂၀၂၁)
မျို့ရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးဖြစ်ပွားသူ မြန်မာနိုင်ငံအတွင်း ၁၁ ဦး စတင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်ပြန်ထားသည်။
အဆိုပါရောဂါပိုးတွေ့ရှိသူများက ကလေးမြို့မှ ၁ ဦး၊ မြိတ်မြို့မှ ၃ ဦး၊ မန္တလေးမြို့မှ ၄ ဦး၊ တမူးမြို့မှ ၂ ဦးနှင့် ရန်ကုန်မြို့မှ ၁ ဦး ဖြစ်ပြီး အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ရာလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် စတင်တွေ့ရှိခဲ့သည့်် Alpha, Delta နှင့် Kappa ဗီဇပြောင်းပိုးများဖြစ်ကြောင်း သိရသည်။
ဗီဇပြောင်းပိုးတွေ့ရှိမှု ပတ်သက်၍ မွန်ပြည်နယ်မှ ကျန်းမာရေး ပညာရှင်တစ်ဦးက “ ဗီဇပြောင်းပိုးတွေ့တာက တကယ်ဟုတ်လား မဟုတ်လား အတည်မပြုနိုင်ပေမဲ့ အကယ်လို့တကယ်ဖြစ်လာရင်တော့ ကူးစက်နှုန်းတွေမြင့်မားလာမယ် အသေပျောက်များမယ် အရမ်းဂရုစိုက်ရမယ့် အနေအထားမှာရှိမယ်ပေါ့” ဟု ဆိုသည်။
ကနဦးစစ်ဆေးတွေ့ရှိသည့် ၁၁ ဦးအနက် Alpha ပိုးတွေ့ရှိသူ ၂ ဦး၊ Delta ပိုးတွေ့ရှိသူ ၅ ဦးနှင့် Keppa ပိုးတွေ့ရှိသူ ၄ ဦးဖြစ်ပြီး ၎င်းဗီဇပြောင်းပိုးများသည် ကူးစက်ပျံ့နှံ့မှု ပိုမိုမြင့်မားပြီး ရောဂါပြင်းထန်သေဆုံးမှုလည်း ပိုမိုများပြားနိုင်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။
ထို့အပြင် မွန်ပြည်နယ်အတွင်းရှိ ကိုဗစ် အတည်ပြုလူနာများကို ယာယီကုသပေးနေသည့် မော်လမြိုင် ၁၀ မြို့နယ်ဆောင်ရှိ ဘားအံဆောင်မှလူနာများကို မော်လမြိုင်ဆေးရုံကြီးရှိ ကိုဗစ်အတည်ပြုလူနာများကုသပေးနေသည့် Isolation Ward 3 သို့ ယနေ့တွင် စတင်လွှဲပြောင်းကုသပေးလျှက်ရှိကြောင်း သိရသည်။
လက်ရှိ Isolation Ward 3 တွင် လူနာ ၁၅ ဦးဆေးကုသခံယူလျှက်ရှိပြီး မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၄ ဦးရှိသည့်အနက် ၃ ဦး ယခုလအတွင်း သေဆုံးသွားခဲ့သည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း တစ်သိန်းလေသောင်းကျော်ရှိရာမှ ဆေးရုံဆင်းခွင့်ရရှိသူ တစ်သိန်းသုံးသောင်းသုံးထောင်ကျော်ရှိပြီး ၃၂၄၈ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
