Saturday, March 14, 2026
More
    spot_img
    Homeသတင်းNCA အတွက်ဆွေးနွေးပွဲကျင်းပချိန်တွင် မွန်ပြည်သစ်ပါတီကို စစ်ရေးဖြင့်တပ်မတော်ပိုမိုဖိအားပေး

    NCA အတွက်ဆွေးနွေးပွဲကျင်းပချိန်တွင် မွန်ပြည်သစ်ပါတီကို စစ်ရေးဖြင့်တပ်မတော်ပိုမိုဖိအားပေး

    -

    တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ မနက်ဖန် သြဂုတ်လ ၁၀ ရက်နေ့တွင် ဆဌမအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးပွဲကျင်းပမည့်အချိန်နှင့်တိုက်ဆိုင်ပြီး တပ်မတော်စစ်ကြောင်းများ မွန်ပြည်သစ်ပါတီထိန်းချုပ်ဧရိယာသို့ ယခုအခါဝင်ရောက်လာကြောင်း သိရှိရသည်။

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အင်းခွရွာအခြေစိုက် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဌာနချုပ်အနီးပတ်ဝန်းကျင်ကျေးရွာသို့ ယနေ့နံနက်ပိုင်းမှစတင်၍ အင်အား ၁၀ဝ အထက်ရှိ တပ်မတော်စစ်ကြောင်း ၂ ကြောင်း ဝင်ရောက်လာသည်ဟု ဒေသခံများနှင့်ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    မော်လမြိုင်ခရိုင်ရုံးအနီး ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်းသို့ ရောက်ရှိလာသည့်တပ်မတော်စစ်ကြောင်း(MNA)
    “စစ်ကြောင်း ၂ ကြောင်းနဲ့တက်လာတယ်၊ ပထမစစ်ကြောင်း ညနေက ခရိုင်ရုံးအနားကဘုန်းကြီးကျောင်း ရောက်နေတယ်၊ ခရိုင်အတွင်းရေးမှူးနဲ့တွေ့တော့ သူတို့(တပ်မတော်)ပြောတာက နယ်လှည့်ဘို့တဲ့၊ နောက်စစ်ကြောင်းက ဝင်းရော်ဆိပ်ကြီးရောက်နေတယ်” ဟု မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက ပြောသည်။

    အဆိုပါ တပ်မတော်စစ်ကြောင်းများ မရောက်ရှိလာမီတွင် ယမန်နေ့က အင်အား ၃၀ ခန့်ရှိ တပ်မတော်နယ်လှည့်ဆေးကုသအဖွဲ့တစ်ဖွဲ့ ပဏာမရောက်ရှိလာသည်ဟု ဒေသခံများက ဆိုသည်။

    “ဘယ်တပ်ရင်းတပ်မဆိုတာ မသိရပါဘူး၊ တော်လှန်ရေးနေ့ကျင်းပတဲ့နေရာကို လာကြည့်မယ်လို့ ဆိုတယ်၊ အထက်အမိန့်အရ လာရတယ်လို့ပြောတယ်” ဟု အမည်မဖော်လိုသော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရသည်။

    သြဂုတ်လ ၇ ရက်နေ့တွင်ကျရောက်ခဲ့သော မွန်တော်လှန်ရေးနေ့အခမ်းအနားကို လက်နက်ဖြင့်စစ်ရေးပြမပြုလုပ်ရန် မွန်ပြည်သစ်ပါတီအား တပ်မတော်မှ တားမြစ်ထားသော်လည်း မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင် ယခင်ပုံမှန်အတိုင်း လက်နက်ဖြင့်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ရုံးနှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အမှတ် ၁ တပ်ရင်းအခြေစိုက်ရာ အင်းခွရွာ- မြေပုံအညွှန်း ခန့်မှန်း 701317 သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီ၏ အမြဲတမ်းတပ်တည်နေရာ ၁၈ ခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

    သမ္မတဦးသိန်းစိန်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း လက်ရှိ UNFC ဥက္ကဌနေရာရယူထားသည့် မွန်ပြည်သစ်ပါတီ အနေဖြင့် NCA ကို လက်မှတ်မရေးထိုးဖြစ်သေးပေ။

    ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးရန် DPN အဖွဲ့ဝင်များ သြဂုတ် ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ချင်းမိုင်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks