Homeသတင်းယုံကြည်မှုအဆင့် သုညရောက်ရှိနေသည်ဟု DPN ခေါင်းဆောင်ပြော

ယုံကြည်မှုအဆင့် သုညရောက်ရှိနေသည်ဟု DPN ခေါင်းဆောင်ပြော

-

ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ ဆဋ္ဌမအကြိမ် တရားဝင် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ၌ ယနေ့ဩဂုတ် ၁၀ ရက် နံနက် ၉ နာရီတွင် စတင်ကျင်းပရာတွင် ယုံကြည်မှုအဆင့် သုညရောက်ရှိနေသည်ဟု DPN ခေါင်းဆောင် ခူဦးရယ်က ဖွင့်ပွဲမိန့်ခွန်းတွင် ပြောကြားလိုက်သည်။

ခူဦးရယ်က “ကျွန်တော်တို့ရဲ့ ယုံကြည်မှုတည်ဆောက်တဲ့အဆင့်ဟာဆိုရင် ပြန်သုံးသပ်ကြည့်ရင် ဒီနေ့ကျွန်တော်တို့ ဒီအကြောင်းအရာ တစ်ခုထဲနဲ့တင် ဆယ့်လေးလဆိုတာ အင်မတန် ကြာညောင်းတယ်လို့ ကျွန်တော့်ရင်ထဲမှာ အဲဒီလိုပဲ ခံစားရတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်မှုတည်ဆောက်တဲ့အဆင့်ဟာ ဘယ်ရောက်နေပြီလည်းဆိုရင် သုညအဆင့် 0 Level ကို ရောက်နေတယ်လို့ပဲ မြင်ပါတယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့၏ ဆဋ္ဌမအကြိမ်ဆွေးနွေးပွဲ(MNA)

ထို့အပြင် တွေ့ဆုံဆွေးနွေးမှုမှာ ကြာမြင့်လာပြီဖြစ်သည့်အတွက် ယနေ့ဆွေးနွေးမှုတွင် မည်သည့်အချက်ကို အကျေအလည်ဆွေးနွေးရန် လိုအပ်သည်ကို သိလိုကြောင်း ခူဦးရယ်က ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ မကြာခဏဆုံတွေ့ခဲ့ပေမယ့် မတူညီတဲ့အကြောင်းအရာတွေနဲ့ ဝေါဟာရစကားလုံးတွေကို ညှိနှိုုင်းနေရတာတင် ဆယ့်လေးလကျော် ရှိပါပြီ။ ဒီလိုညှိနှိုင်းတာ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုဟာ သိပ်မကောင်းဘူးလို့ ခံစားရပါတယ်။ အဲဒါဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ရဲ့ ပြဿနာကို အဖြေရှာဖို့ မူဝါဒရှာကြတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာ ယုံကြည်မှုကို တည်ဆောက်ဖို့အတွက် တွေ့ဆုံညှိနှိုင်းကြတယ်လို့ အဲဒီလိုပဲ နားလည်ပါတယ်” ဟု ပြောသည်။

သို့ရာတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း အဖွင့်မိန့်ခွန်း ပြောကြားရာတွင် DPN အဖွဲ့မှ တောင်းဆိုထားသည့် အချက် ၉ ချက်မှာ အတော်ပင် ခရီးရောက်နေပြီဟု ထည့်သွင်း ပြောဆိုခဲ့သည်ကို တွေ့ရသည်။

ယနေ့ဆွေးနွေးပွဲတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှအဆိုပြုထားသောအချက် (၉) ချက်အား ဆွေးနွေးခြင်း၊ ဥပဒေကြောင်းအရ တရားဝင်မှု(Legal Binding) နှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ NCA လက်မှတ်ရေးထိုးရေး ကိစ္စရပ်များဆွေးနွေးခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးသွားမည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ လက်ရှိ UNFC အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP, ကရင်နီတိုးတက်ရေးပါတီ KNPP, ရှမ်းပြည်တိုးတက်ရေးပါတီ SSPP, ရခိုင်အမျိုးသားကောင်စီ ANC နှင့် လားဟူဒီမိုကရက်တစ်ပါတီ LDU ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts