မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလာကြောင်း ရေးဘီလူးအဖွဲ့ သတိပေးထုတ်ပြန်မှုကြောင့် သွားလာရေး သတိပြုနေရသည်ဟု ဒေသခံအချို့တို့က ပြောသည်။
ရေးမြို့၊ လမိုင်းမြို့နှင့် ခေါဇာမြို့တွင် နေရာတိုင်း တိုက်ပွဲများဖြစ်လာနိုင်ပြီး နားစွင့်စောင့်ကြည့်ထားကြရန် ရေးဘီလူးအဖွဲ့က နိုဝင်ဘာ ၁၅ ရက်နေ့က ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ရေးသားထုတ်ပြန်ထားသည်။

လတ်တလောတွင်လည်း ရေး-မော့ကနင်းလမ်းပိုင်းတလျှောက်တွင် စစ်ကော်မရှင်များ လမ်းပေါ်ထွက် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး၊ တဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့များ သွားလာလှုပ်ရှားနေခြင်းကြောင့် တိုက်ပွဲဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။
မော့ကနင်ဒေသခံတစ်ဦးက “တော်လှန်ရေးအဖွဲ့ လှုပ်ရှားနေတာမျိုးရှိတယ်။ ၅၈၈ တပ်ရင်းက သုံးဖွဲ့လောက် ရေး-မော့ကနင်းကားလမ်းပိုင်းကို ထွက်လာကြတာမျိုး ရှိတယ်။ အကယ်လို့ ဖြစ်သွားရင် ခြံသွား၊ လယ်သွား၊ ခရီးသွားသူတွေ ပိတ်မိတာမျိုး၊ ထိခိုက်တာမျိုးမရှိစေဖို့ သူတို့သတိပေးထားတာပဲ ဖြစ်မယ်။ ဒါပေမဲ့ ပြည်သူတွေက လုပ်ငန်းအခြေအနေအရတော့ မဖြစ်ခင်ဆိုသွားလာ အလုပ်လုပ်ကိုင်နေရမှာပဲ” ဟု ၎င်းက ပြောသည်။
ဒေသခံများအနေဖြင့် စိုးရိမ်ချက်များရှိသော်လည်း ဝမ်းရေးအတွက် ခြံသွား၊ အလုပ်သွားတို့ကို ဆက်လက်လုပ်ဆောင်နေကြရကြောင်း၊ လတ်တလောမှာတော့ ထူးခြားမှု တစုံတရာမရှိသေးကြောင်း ဆိုသည်။
“သူတို့ဘက်သတိပေးတာဆိုပေမဲ့ ဘာမှ မဖြစ်သေးဘူးဆိုတော့ သွားလာတာကတော့ ပကတိပါပဲ။ စိုးရိမ်တာမျိုးတော့ ရှိတာပေါ့နော်” ဟု လမိုင်းမြို့ခံတစ်ဦးက သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ကလည်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ရေးဘီလူးအဖွဲ့တို့အကြား အမြောက်တပ်ရင်း အမှတ် ၃၁၆ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။




