မွန်လူမျိုးတို့၏ သမိုင်း၊ ယဉ်ကျေးမှုအမွေအနှစ်၊ အမျိုးသားရေးလက္ခဏာနှင့် မျက်မှောက်ခေတ် နိုင်ငံရေး၊ လူမှုရေး ဖြတ်သန်းမှုများကို စုံလင်စွာ ဖော်ပြထားသည့် “The Mon People” အမည်ရှိ အင်္ဂလိပ်ဘာသာ စာအုပ်သစ်ကို ယခု နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စတင်ထုတ်ဝေနေပြီးဖြစ်ကြောင်း သိရသည်။
မွန်လူမျိုးတို့၏ ရှည်လျားသော သမိုင်းကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် နိုင်ငံရေး ကြိုးပမ်းမှုများကို စနစ်တကျမှတ်တမ်းတင်ကာ နောင်အနာဂတ်လမျိုးဆက်သစ်လူငယ်များထံ အသိ ပညာအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အဓိကထုတ်ဝေရခြင်းဖြစ်ကြောင်း စာရေးသူက ဆိုသည်။
၇ နှစ်ကြာ သုတေသနပြုစုထားသည့် “The Mon People” စာအုပ်မှတစ်ဆင့် မွန်လူမျိုးတို့၏ အတိတ်နှင့် ပစ္စုပ္ပန်အကြောင်း သိရှိရန်နှင့် စာအုပ်ထုတ်ဝေထားသည့်အကြောင်းကို မွန်လူမျိုးတစ်ဦးဖြစ်သည့် လွတ်လပ်သော သုတေသီတစ်ဦးဖြစ်သူ စာရေးဆရာ အပါးဟံမွန်နှင့် IMNA မှ ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ဟုတ်ကဲ့။ စာရေးဆရာ လက်ရှိထုတ်ဝေထားတဲ့ “The Mon People” စာအုပ်အကြောင်း အကျဉ်းချုံး မိတ်ဆက်ပေးပါအုံး။

ဖြေ။ ။ “The Mon People” စာအုပ်မှာ အခန်း ၂၄ ခန်းပါဝင်ပြီး မွန်လူမျိုးတို့ရဲ့ ရှေးဟောင်းသမိုင်း၊ နိုင်ငံတော်များ၊ ဗုဒ္ဓဘာသာ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အမျိုးသားလှုပ်ရှားမှု၊ င်ငံရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ မျက်မှောက်ခေတ် စိန်ခေါ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာတင်ပြထားပါတယ်။
ဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ အတိတ်သမိုင်းကိုသာ ဖော်ပြထားတာမဟုတ်ဘဲ မွန်လူမျိုးတွေရဲ့ သမိုင်းနဲ့ ယနေ့ခေတ် လူမှုရေး၊ နိုင်ငံရေး၊ အမျိုးသားရေးအခြေအနေတွေကို ဆက်စပ်လေ့လာတင်ပြထားခြင်းဖြစ်ပါတယ်။ ဒီစာအုပ်ဖြစ်မြောက်လာဖို့အတွက် ကျွန်တော်ဟာ မိသားစုစားဝတ်နေရေးအတွက် အလုပ်တာဝန်တွေကို ထမ်းဆောင်နေရင်း အားလပ်ချိန်တွေကို အသုံးချပြီး ခုနစ်နှစ်ကျော်ကြာ လွတ်လပ်စွာ သုတေသနပြု စုဆောင်းလေ့လာခဲ့ပါတယ်။ သမိုင်းမှတ်တမ်းတွေ၊ ပညာရှင်တွေရဲ့ သုတေသနစာတမ်းတွေ၊ စာအုပ်စာပေတွေနဲ့ ခေတ်ပြိုင်အချက်အလက်တွေကို
ရှာဖွေစုဆောင်းပြီး အပြန်အလှန်တိုက်ဆိုင် စိစစ်လေ့လာကာ ဒီစာအုပ်ကို ပြုစုရေးသားခဲ့တာဖြစ်ပါတယ်။
မေး။ ။ စာအုပ်ထုတ်ဝေရေးသားဖြစ်တဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းအရင်းကိုလည်း သိပါရစေရှင့်။
ဖြေ။ ။ အဓိကပြောချင်တာက ဒီစာအုပ်ဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်တစ်ခုတည်းကို တင်ပြဖို့ ရေးသားခဲ့တာမဟုတ်ပါဘူး။ မွန်လူမျိုးတွေရဲ့ သမိုင်းနဲ့ အတွေ့အကြုံတွေကို မှတ်တမ်းတင်ပြီး နောင်လာမယ့် မျိုးဆက်တွေအတွက် အသိပညာအမွေအနှစ်တစ်ခုအဖြစ် ချန်ထားခဲ့ချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ပြည်ပနိုင်ငံတွေမှာ မွေးဖွားကြီးပြင်းလာကြတဲ့ မွန်ကလေးငယ်တွေနဲ့ လူငယ်မျိုးဆက်သစ်တွေဟာ ကိုယ့်ရဲ့သမိုင်း၊ ဘာသာစကားနဲ့ အမျိုးသားရေးလက္ခဏာတွေကို ပိုမိုသိရှိနားလည်လာစေချင်ပါတယ်။
စာဖတ်သူတွေဟာ မွန်လူမျိုးတွေရဲ့ အတိတ်သမိုင်းကိုသာမက မွန်လူမျိုးတို့ရဲ့ ယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာနဲ့ သမိုင်းတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပိုမိုနားလည်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် လူငယ်မျိုးဆက်တွေအနေနဲ့ ကိုယ့်လူမျိုးရဲ့ အမြစ်ကို သိရှိလာပြီး သမိုင်းကို ဝေဖန်ပိုင်းခြားလေ့လာနိုင်တဲ့ အမြင်နဲ့ ကိုယ့်ရဲ့အနာဂတ်အတွက် စဉ်းစားတွေးခေါ်နိုင်တဲ့ အသိပညာတွေ ရရှိစေချင်ပါတယ်။
မေး။ ။ဘာကြောင့်မွန်လူမျိုးတွေက အတိတ်သမိုင်းအကြောင်းအရာကို သိဖို့လိုအပ်ပါသလဲ။ အတိတ်က မွန်လူမျိုးတွေရဲ့အဖြစ်ပျက်က လက်ရှိပစ္စုပ္ပန်အခြေနေအပေါ် သက်ရောက်မှုရှိနေလား။
ဖြေ။ ။ သမိုင်းဆိုတာ အတိတ်က ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားခြင်းသက်သက် မဟုတ်ပါဘူး။ ယနေ့ ကျွန်တော်တို့ ဘယ်သူတွေလဲ၊ ဘယ်ကလာခဲ့ကြသလဲ၊ ဘယ်ကို ဦးတည်သွားကြမလဲဆိုတာကို နားလည်စေတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ မွန်သမိုင်းကို လေ့လာခြင်းအားဖြင့် ကိုယ့်ရဲ့ဘာသာစကား၊ ယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာနဲ့ အမွေအနှစ်တွေကို ပိုမိုတန်ဖိုးထားတတ်လာမှာဖြစ်ပါတယ်။ အတိတ်သမိုင်းကို နားလည်မှသာ ယနေ့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပိုမိုကောင်းမွန်စွာ သုံးသပ်နိုင်ပြီး အနာဂတ်အတွက် သင်ခန်းစာယူနိုင်မှာဖြစ်ပါတယ်။
မေး။ ။ “The Mon People” စာအုပ်က မျက်မှောက်ခေတ်မွန်နိုင်ငံရေးအခြေနေအပေါ် ဘယ်လိုအထောက်အကူပြုမယ့် စာအုပ်ဖြစ်ပါသလဲ။
ဖြေ။ ။ ကျနော့်အမြင်အရ သမိုင်းနဲ့ နိုင်ငံရေးဆိုတာ သီးခြားခွဲထားလို့ မရပါဘူး။ အတိတ်က မွန်လူမျိုးတွေရဲ့ နိုင်ငံရေးအင်အား၊ အောင်မြင်မှု၊ ကျဆင်းမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကြိုးပမ်းခဲ့မှုတွေဟာ ယနေ့ခေတ် မွန်နိုင်ငံရေးအခြေအနေကို နားလည်သုံးသပ်ရာမှာ
အရေးကြီးတဲ့ သင်ခန်းစာတွေဖြစ်ပါတယ်။ ဒီစာအုပ်မှာ အတိတ်သမိုင်းကို အခြေခံပြီး ယနေ့ခေတ် အမျိုးသားအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း ဆက်စပ်တင်ပြထားပါတယ်။
စာဖတ်သူတွေအနေနဲ့ အတိတ်က အောင်မြင်မှုနဲ့ ကျရှုံးမှုတွေကနေ သင်ခန်းစာယူပြီး ယနေ့ မွန်လူမျိုးတွေရဲ့ နိုင်ငံရေးအနာဂတ်ကို ဘယ်လိုတည်ဆောက်သင့်သလဲဆိုတာ ပိုမိုကျယ်ပြန့်တဲ့ ရှုထောင့်ကနေ စဉ်းစားနိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ လက်ရှိဆရာ ထုတ်ဝေထားတဲ့စာအုပ်အရေအတွက်နဲ့ ဘယ်လိုဝယ်ယူအားပေးလို့ ရနိုင်မလဲဆိုတာ စာဖတ်ပရိတ်သတ်တွေကို ပြောကြားပြီး နိဂုံးချုပ်ပေးပါအုံးရှင့်။
ဖြေ။ ။ စာအုပ်ရေ တစ်ထောင်ထုတ်ထားပါတယ်။ The Mon People” စာအုပ်ကို အဖုံးမာစာအုပ် (Hardcover) နှင့် အီလက်ထရွန်းနစ်စာအုပ် (eBook) ပုံစံနှစ်မျိုးထုတ်ထားပါတယ်။ စာဖတ်သူတွေမှာယူချင်ပါက http://www.aparhongmon.com/ မှတစ်ဆင့် မှာယူနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက သမိုင်းကို သိရှိခြင်းဟာ အတိတ်မှာပဲ နေထိုင်ဖို့ မဟုတ်ပါဘူး။ မိမိတို့ရဲ့ အနာဂတ်ကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်ကို မွန်လူမျိုးတွေအတွက်သာမက မွန်သမိုင်းနဲ့ အရှေ့တောင်အာရှသမိုင်းကို စိတ်ဝင်စားတဲ့ နိုင်ငံတကာစာဖတ်သူတွေအတွက်ပါ ရည်ရွယ်ထားတာဖြစ်ပါတယ်။

