မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာအနီး ရော်ဘာခြံအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး ရုပ်အလောင်း တွေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကျိုက်ရွဲကျေးရွာအနီး ရော်ဘာခြံအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ရုပ်အလောင်းကို ရော်ဘာအစေးလှီးသည့် အလုပ်အသမားများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အလောင်းက ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးနေတာပါ။ ဖမ်းဆီးခံရပြီးမှ သေနတ်နဲ့ ဦးခေါင်းကို အနီးကပ် ပစ်ခတ်ခံရတယ်” ဟု ၎င်းက ပြောသည်။
ဒေသခံတို့၏ သုံးသပ်ချက်အရ သေဆုံးသူသည် အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းကတည်းက ပစ်သတ်ခံထားရခြင်း ဖြစ်နိုင်ကြောင်း၊ အလောင်းတွေ့သည့်နေရာသည် ရွာကားလမ်းနှင့် တစ်မိုင်ခန့် ဝေးတာကြောင့် သေနတ်သံကြားရရန် မလွယ်ကြောင်း ဆိုသည်။
ရုပ်အလောင်းအနီးတွင် ကားဘီးရာ၊ နာမည်ဘက်ခြမ်းကို တစ်ပိုင်းဖြဲထားသည့် မှတ်ပုံတင် မိတ္တူတစ်ရွက် တွေ့ရကြောင်းနှင့် သေဆုံးသူ၏ ညာဘက်လက်ဖျံတွင် တက်တူးထိုးထားကြောင်းလည်း ဆိုသည်။
အလောင်းတွေ့သည့်နေရာကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က လာရောက်စစ်ဆေးပြီး အလောင်းကို သယ်ယူသွားကြောင်း သိရသည်။
အသတ်ခံရသည့် အမျိုးသားသည် မည်သူ မည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အကြောင်းကြောင့် ယခုလို ပစ်သတ်ခံရသည်ကို မသိရှိရသေးပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ် ကားလမ်းဘေး၊ ခြံအတွင်း အသတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး အချို့ အသတ်ခံရမှုတွင် စစ်တပ်က ကျူးလွန်သည်ရှိသလို အချို့ကလည်း စစ်တပ်သတင်းပေး၊ စစ်တပ်နှင့် နီးစပ်သူဆိုပြီး တော်လှန်ရေးအဖွဲ့ဘက်က ရှင်းလင်းခဲ့သည်လည်း ရှိသည်။




