Homeသတင်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၃၅၀ ကျော် သေဆုံး

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၃၅၀ ကျော် သေဆုံး

-

စစ်အုပ်စု၏ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၃၅၃ ဦး အနည်းဆုံး သေဆုံးခဲ့ရသည်ဟု မြန်မာအင်တာနက်ပရောဂျက် (MIP) က ထုတ်ပြန်သည့် အစီအရင်ခံစာ အချက်အလက်များအရ သိရသည်။

သေဆုံးမှုအတွင်း အမျိုးသမီးအနည်းဆုံး ၉၀ ဦး၊ ကလေး ၃၄ ဦးနှင့် သက်ကြီးရွယ်အို ၄၃ ဦး ပါဝင်ပြီး ဆက်သွယ်ရေးအခက်အခဲနှင့် ရင်ဆိုင်နေရသောဒေသများတွင် လေကြောင်းတိုက်ခိုက်မှုအန္တရာယ် အရှိဆုံးအခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။

၂၀၂၆ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း လေကြောင်းတိုက် ခိုက်မှုဖြစ်စဉ်ပေါင်း ၅၈၁ ကြိမ်ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၅၆၂ ကြိမ် (၉၆.၈၈ ရာခိုင်နှုန်း) သည် အင်တာနက်ဖြတ်တောက်မှုဒဏ် ခံနေရသော ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သော ၃ လပတ်ကာလနှင့် နှိုင်းယှဉ်ပါက စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁.၇၃ ရာခိုင်နှုန်း တိုးမြင့်လာသည်ကို တွေ့ရကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) က ဆိုသည်။

ရခိုင်ပြည်နယ်သည် လေကြောင်းတိုက်ခိုက်မှု ၁၅၁ ကြိမ်ဖြင့် အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသော ဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးသည် ၁၀၇ ကြိမ်နှင့် မကွေးတိုင်းဒေသကြီးသည် ၁၀၆ ကြိမ်တို့ဖြင့် ဆိုးရွားသော အခြေအနေတွင် ရှိနေသည်။

လေကြောင်းတိုက်ခိုက်မှု ၆၂.၆၅ ရာခိုင်နှုန်းခန့်သည် စစ်အုပ်စုနှင့် စစ်ရေးပဋိပက္ခပြင်းထန်နေသော အဆိုပါဒေသ ၃ ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် စစ်အုပ်စုက ၎င်းတို့ ဆုံးရှုံးခဲ့ရသော နယ်မြေများ ပြန်လည်စိုးမိုးနိုင်ရေး ထိုးစစ်ဆင်နေသည့် ဒေသများတွင် ယခင်ကာလများကအတိုင်း လေကြောင်းအင်အားကို အလွန်အကျွံအသုံးပြုနေသည်ဟုလည်း MIP က ဆိုသည်။

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ၅၈၁ ခုအတွင်း ဘုန်းတော်ကြီးကျောင်း အများအပြားအပါအဝင် ဘာသာရေးအဆောက်အဦး ၃၉ ခု၊ စာသင်ကျောင်း ၁၆ ကျောင်း၊ ဆေးရုံနှင့် ဆေးခန်း ၄ ခု၊ စစ်ဘေးရှောင်စခန်း ၂ ခု၊ တံတား ၃ စင်းနှင့် စျေး ၃ စျေး ထိခိုက်ပျက်စီးခဲ့သည်။

စစ်အုပ်စုသည် စစ်ဘေးခိုလှုံရာအဖြစ် အသုံးပြုနိုင်သည့် ဘာသာရေးအဆောက်အဦးများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို စစ်ရေးနှင့် မသက်ဆိုင်သော စျေးများအား တိုက်ခိုက်မှုကြောင့် အရပ်သားများ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည်။

စစ်အုပ်စုသည် နယ်မြေပြန်လည်စိုးမိုးရေးအတွက် ကြိုးပမ်းရာဒေသများတွင် လေကြောင်းအင်အား အလွန်အကျွံ ဆက်လက်သုံးစွဲနေကြောင်း၊ ပြီးခဲ့သည့် ၃ လပတ်နှင့် နှိုင်းယှဉ်ပါက လေကြောင်းအသုံးပြုမှု ၁၁ ရာခိုင်နှုန်ကျော် ပိုမိုမြင့်တက်လာသည်ဟု မြန်မာအင်တာနက်ပရောဂျက်(MIP)က က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts