တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကညင်ချောင်းကျေးရွာထဲကို စစ်ကော်မရှင်တပ်က ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လယ်ခန့်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၄ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရရှိသည်။
ယနေ့ နေလယ် ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် စစ်တပ်က K8W Jet fighter ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး တစ်ဆက်တည်းမှာပင် 23mm cannon ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။
၎င်းပြင် နေ့လည် ၁၂ နာရီခွဲအချိန်တွင်လည်း K8W Jet fighter ဖြင့်ပေါင် ၃၀၀ ဗုံး ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သည့်အပြင် 23mm cannon ဖြင့် တိုက်ခိုက်ခဲ့သည်။
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကညင်ချောင်းကျေးရွာက အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၉၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရသည်။

“သေဆုံးတဲ့အထဲမှာ ကလေး ၁ ဦးလည်းပါတယ်။ ဒဏ်ရာရထားတဲ့လူတွေကလည်း ဒဏ်ရာပြင်းထန်တယ်။ ထိသွားတဲ့လူတွေက မိသားစုဝင်တွေ ဖြစ်ကြတယ်” ဟု သရက်ချောင်းဒေသခံတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက် ၁၀ နှစ်နှင့် ၁၅ နှစ်အရွယ် မိန်းကလေး ၂ ဦး၊ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ် ၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဆိုင်ကယ် ၂ စီးလည်း ထိခိုက်ပျက်စီးသွားသည်။
ကညင်ချောင်းကျေးရွာတွင် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ရသလို အိမ်ခြေ ၃၇၀ ကျော် ထိခိုက်ပျက်စီးပြီး၊ ပြည်သူ ၁၆၅၀ ကျော် စားနပ်ရိက္ခာနှင့် နေထိုင်ရေးအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့်ရွာဖြစ်သည်။
သဘာဝဘေးကြောင့် ပြည်သူလူထုများ အခက်အခဲရင်ဆိုင်ကြုံတွေ့နေရချိန် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကိုပါ တစ်ပြိုင်နက်တည်း ရင်ဆိုင်ကြုံတွေ့နေရသည်ဟု KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။




