မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး (နယ်လုံ) ၏ ညွှန်ကြားချက်အရ ကျိုက်မရောမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ခရုံဂူ စစ်ဆေးရေးဂိတ်၌ ငွေကြေးအဆမတန် တောင်းခံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံပြည်သူများ သွားလာရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
ကော့သပ်ဒေသခံ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ ခရုံဂူစစ်ဆေးရေးဂိတ်တွင် စစ်ကော်မရှင် လက်အောက်ခံ နယ်လုံအဖွဲ့ဝင် အင်အား ၂၀ ခန့် လုံခြုံရေးတာဝန်ချထားပြီး ဖြတ်သန်းသွားလာသူ တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းဝန်းကျင် တောင်းခံနေသည်ဟု ဆိုသည်။

“အရင်က ကားတစ်စီးကို စေတနာရှိသလောက်ပဲပေးရတယ် ငါးထာင် တစ်သောင်း ကျွန်မတို့ပေးတယ်။ ဒါမဲ့ ဒီလအတွင်းမှာ လူတစ်ယောက်ကို တစ်သောင်းခွဲ နှစ်သောင်းအထိ တောင်းတယ်။ ထိုင်းသွားတဲ့သူနဲ့ ဒေသခံနဲ့မခွဲခြားတော့ဘူး အကုန်လုံး တစ်ယောက်ကို တစ်သောင်းခွဲပေးရတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ ခရုံဂူစစ်ဆေးရေးဂိတ်သည် ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာတွင် တည်ရှိပြီး ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသနှင့် ကော့ဘိန်းစသည့် ကျေးရွာများကို ဆက်သွယ်ထားသော မော်လမြိုင် – ရမ္မဝတီလမ်းပေါ်တွင် အခြေစိုက်ထားသည်။
တရားမဝင် ထိုင်းကုန်ပစ္စည်း ကုန်သွယ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင် လောင်းကစားဝိုင်းများနှင့် ပတ်သက်ပြီး နာမည်ဆိုးထွက်နေသည့် မွန်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်အစား ဗိုလ်မှူးကြီး ရဲထွဋ်အား အစားထိုပြောင်းလဲခန့်အပ်လိုက်သည်ဟု အောက်တိုဘာလ ၂၁ ရက်နေ့တွင် စစ်ကော်မရှင်အစိုးရက တရားဝင်ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ဒေသခံများ ပေးဆောင်ရသည့် ဂိတ်ကြေးပမာဏမှာ လည်း ချက်ချင်းပြောင်းလဲသွားကြောင်း ခရုံဂူစစ်ဆေးရေးဂိတ်အနီးတဝိုက်ရှိ ရွာခံများမှတစ်ဆင့် သိရသည်။
လက်ရှိ သီတင်းကျွတ်ကာလတွင် သက်ကြီးရွယ်အိုများအား သွားရောက်ကန်တော့ရာတွင်လည်းကောင်း၊ ကျန်းမာရေးအခြေအနေကြောင့် မော်လမြိုင်မြို့သို့ သွားရောက်ဆေးကုသမှုခံယူရာတွင်လည်းကောင်း အဆိုပါ ဂိတ်ကို ဖြတ်သန်းသွားလာရသဖြင့် လက်ရှိနှုန်းထားအတိုင်း ဂိတ်ကြေးဆက်လက်ပေးဆောင်ရပါက ခရီးစရိတ် ပိုမိုမြင့်တက်လာနိုင်ကြောင်း ဆိုသည်။
စစ်ကော်မရှင်တပ်လက်အောက်ခံအဖွဲ့များအနေဖြင့် ပွင့်လင်းရာသီတွင် ငွေကြေးအဆမတန် တောင်းခံမှုများ ပြုလုပ်ကာ ဝင်ငွေရလမ်းတစ်ခုအဖြစ် ဖန်တီးနေသလိုဖြစ်နေသည်ဟု ဆိုသည်။
ထိုကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်သည့် ခရီးသည်နှင့် ဒေသခံများအပေါ် ကောက်ခံသည့် ငွေကြေးနှုန်းထားများကို ခွဲခြားသတ်မှတ်ပေးရန် ခရုံရွာဒေသခံတို့က တောင်းဆိုထားကြသည်။
“ဒီလပဲ စပြီးတော့ တိုးကောက်ခဲ့တာ၊ သီတင်းကျွတ်ဆိုတော့ ဖြတ်သန်းသွားလာတဲ့သူတွေများတယ်လေ သူတို့အတွက် ဝင်ငွေပိုရသွားပေါ့၊ ဒါပေမဲ့ ဒေသခံတွေအတွက်က အဆင်မပြေဘူး” ဟု ပြောသည်။
လက်ရှိ ဒေသခံများ ကြုံတွေ့နေရသည့် အဆမတန် ငွေကြေးကောက်ခံမှုပြဿနာကို စစ်ကော်မရှင်လက်အောက်ခံ နယ်လုံအဖွဲ့က တိုက်ရိုက်လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း ဒေသခံများအတွက် ဝင်ရောက်ဖြေရှင်းပေးနိုင်ခြင်းမရှိကြောင်း သိရသည်။




