Homeသတင်းရေးမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွားလာပါက ခွင့်ပြုချက်ယူရန် ထပ်မံသတိပေး

ရေးမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွားလာပါက ခွင့်ပြုချက်ယူရန် ထပ်မံသတိပေး

-

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ နယ်ကျော် ခရီးသွားလာပါက ကြိုတင်ခွင့်ပြုချက်ယူရန် မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ ထပ်မံသတိပေးထားကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းနှင့် နီးစပ်သူများထံမှ သိရသည်။

ပညာရေးဝန်ထမ်းများအပါအဝင် ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်းထမ်းအားလုံး ရုံးလုပ်ငန်းကိစ္စဖြင့်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာဖြင့်ဖြစ်စေ နယ်ကျော် ခရီးသွားရာတွင် နယ်မြေဒေသလုံခြုံရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာဌာနနှင့် တပ်ရင်းများထံ ကြိုတင်အကြောင်းကြားရမည်ဟု ဆိုသည်။

ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက “ခရီးသွားလာတဲ့အခါမှာ ခွင့်တောင်းခိုင်းတာက သွားလာတဲ့အခါ လုံခြုံရေးယူပေးဖို့ တာဝန်ယူပေးဖို့လို့ ပြောတယ်။ အကယ်လို့ ခွင့်မတောင်းဘဲ သွားလို့ လမ်းမှာ တစ်ခုခုဖြစ်လာရင် တာဝန်မယူဘူးဆိုပြီး သတိပေးထားတယ်” ဟု ဆိုသည်။

ယခင် ၂၀၂၃ ခုနှစ်ကလည်း ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွားရာတွင် လုံခြုံရေးအခြေအနေအရ ရေးမြို့နယ် အခြေစိုက် အမှတ် (၁၉) စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်သို့ သတင်းပို့ရန် ညွှန်ကြား ထုတ်ပြန်ခဲ့သေးသည်။

သက်ဆိုင်ရာဝန်ထမ်းများနှင့်အတူ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ လုံခြုံရေးယူပေးရန် လိုက်ပါသွား မည်ဆိုပါက ရေး-သံဖြူဇရပ် လမ်းပိုင်းအတွင်း သွားလာလှုပ်ရှားမှုရှိနေသည့် ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့အကြား ပစ်ခတ်မှုရှိနိုင်သည်ဟုလည်း ၎င်းကဆိုသည်။

“အကယ်လို့ ဝန်ထမ်းတွေက ခရီးသွားလို့ စစ်တပ် တပ်ဖွဲ့ဝင်တွေ လိုက်ပါလာမယ်ဆိုရင် လမ်းပိုင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရှိနိုင်တယ်လေ၊ အဲ့လို နှစ်ဖက်ပစ်ခတ်မှုဖြစ်မှာကိုပဲ စိုးရိမ်ရတယ်။ ” ဟု ၎င်းက ဆိုသည်။

အောက်တိုဘာ ၁၁ ရက်နေ့က လမိုင်းမြို့ စည်ပင်သာယာရေးအဖွဲ့မှ အသက် ၂၉ နှစ်အရွယ် ဝန်ထမ်းတစ်ဦးကို လမိုင်း-နှစ်ကရင်လမ်းပိုင်းတွင် ဒေသတွင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂ ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ‌ဝန်ထမ်းများ မကြာခဏ ဖမ်းဆီးစစ်ဆေးခံရလေ့ရှိပြီး စစ်ကော်မရှင် တပ်စခန်းနှင့် ဌာနဆိုင်ရာရုံးများလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

အဆိုပါလမ်းပိုင်းအတွင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်၏ စစ်ဆေးမှုများနှင့် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများအကြား စစ်ရေးတင်းမာမှုများ ရှိနိုင်သည့်အတွက် ဝန်ထမ်းများအပြင် ဒေသခံများလည်း လုံခြုံရေးအခြေအနေ စိုးရိမ်နေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts