မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) ထိန်းချုပ်နယ်အတွင်းရှိ အလူးကြီးကျေးရွာတွင် စစ်တပ် ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး၊ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်ခန့်ကအလူးကြီးကျေးရွာထဲကို စစ်တပ် ခမရ ၃ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်တပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သား ၅ ဦးသေဆုံးပြီး၊ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

“လက်နက်ကြီးနဲ့လည်း ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်။ ဗုံးတွေ လက်နက်ကြီးတွေက အိမ်ပေါ်ကျ ပေါက်ကွဲပြီး အိမ်ပေါ်က လူတွေ ထိသွားတယ်။ ၅ ဦးတော့ ဆုံးသွားတယ်။” ဟု တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။
စစ်တပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နေအိမ် ၁၀ လုံးခန့်လည်း ထိခိုက်ပျက်စီးမှု ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတော၊ ဇီးကုန်းကျေးရွာထဲကိုလည်း စစ်တပ် တပ်မ ၄၄ တပ်ရင်းမှ အောက်တိုဘာ ၁၂ ရက်နေ့တွင် ဒရုန်းဖြင့် သုံးကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား သုံးဦး သေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာထဲကို စစ်တပ်က လေယောဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ကျောင်းဆောင်များနှင့် လူနေအိမ် အလုံး ၄၀ ကျော် ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။
စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေအတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများထဲကို ရည်ရွယ်ချက်ရှိရှိ လေယာဉ်၊ ဒရုန်း အသုံးပြုပြီး တိုက်ခိုက်နေသည့်အပြင် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှု နေ့စဉ် ပြုလုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။




