မွန်ဒေသအတွင်း စစ်တပ်မှ လုံခြုံရေးရယူပေးနိုင်သည့် နေရာများ၌ ပွဲလမ်းသဘင်များ ပြန်လည်စည်ကားလာခြင်းနှင့်အတူ မွန်တေးဂီတအဖွဲ့များနှင့် ဖျော်ဖြေရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာကြောင်း မွန်ဂီတအသိုင်းအဝိုင်းများထံမှ သိရသည်။
လာမည့် သီတင်းကျွတ်လပြည့်နှင့် လပြည့်ကျော် ဘုရားပွဲ၊ ဆွမ်းကြီးလောင်းပွဲများတွင် မွန်ကျေးရွာ အများစု၌ မွန်တေးဂီတအဖွဲ့များဖြင့် ပျော်ပွဲရွှင်ပွဲ ပြုလုပ်ရန်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဖျော်ဖြေပွဲများအတွက် သံစုံတီးဝိုင်းများတွင် လူအင်အားဖြည့်တင်းခြင်း၊ ဖျော်ဖြေပွဲများ လက်ခံခြင်းနှင့် အဖွဲ့မိတ်ဆက်ပိုစတာများ ထုတ်လုပ်ခြင်းများကို မွန်တေးဂီတအဖွဲ့များမှ ပြင်ဆင်လုပ်ဆောင်နေကြပြီး ဖြစ်သည်။

ရေးမြို့နယ်မှ ဝါရင့်မွန်အဆိုတော်တစ်ဦးက “ဒီနှစ်မှာဆိုရင် မွန်ဂီတအဖွဲ့တော်တော်များများက ပွဲထွက်ဖို့ကြိုတင်ပြင်ဆင်ထားတာတွေ့ရတယ်။ ကိုယ့်အဖွဲ့ရဲ့ Poster တွေ ကိုယ့်ရဲ့ Band အတွက် လူထပ်ခေါ်တာတွေဒီလိုပြင်ဆင်မှုတွေပေါ့။ ဒီနှစ်က ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် မွန်တေးဂီတအဖွဲ့တွေ အခြေနေကောင်းလာတယ်လို့ပြောနိုင်တယ်။” ဟုဆိုသည်။
Power Music Band၊ Mon Music Band (MMB)၊ The Sheldrake Music Band နှင့် ဂီတမွန်အဖွဲ့ အပါအဝင် တက်သစ်စ အဖွဲ့သစ်များက ပွင့်လင်းရာသီ ပျော်ပွဲရွှင်ပွဲများအတွက် လက်ခံဖျော်ဖြေနေပြီးဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်အာဏာသိမ်းကာလအတွင်း လုံခြုံရေးကန့်သတ်ချက်များကြောင့် မွန်ဂီတအဖွဲ့များ နှစ်နှင့်ချီ ရပ်နားခဲ့ရသလို အဖွဲ့ဝင်များကွဲကာ ပျက်စီးရသည့် အခြေအနေများလည်း ရှိခဲ့သည်။
နှစ်နှင့်ချီ ရပ်နားခဲ့ရသည့် မွန်တေးဂီတအဖွဲ့များ လက်ရှိအချိန်အထိ လူအင်အားလိုအပ်ချက်နှင့် ပတ်သက်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း မွန်တေးဂီတအဖွဲ့တစ်ဖွဲ့မှ ဥက္ကဋ္ဌတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ဂီတအဖွဲ့မှာတော့ လူအင်အားလိုအပ်မှုတွေရှိနေဆဲပါပဲ။ covid ကာလဖြစ်ပြီးနောက်ပိုင်း မှာ ဂီတတွေရပ်နားထားရတော့ Band အဖွဲ့သားအဟောင်းတွေ ပြည်ပထွက်ကုန်တယ်။ လူအစားထိုးခေါ်ရတယ်။” ဟုဆိုသည်။
မွန်တေးဂီတဈေးကွက် ဆက်လက်ဦးမော့နိုင်သည့် အလားအလာရှိသော်လည်း လူအရင်းအမြစ်ရှားပါးမှု၊ ဇာတ်သဘင်အဖွဲ့အရေအတွက် လျော့နည်းလာမှုနှင့် ဖျော်ဖြေပွဲအခွင့်အလမ်း နည်းပါးမှုတို့ကြောင့် မွန်ဇာတ်သဘင်လောကတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။




