အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်တွင် စာသင်ကျောင်းအဆောက်အဦး ၅၆ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျောင်းသား/သူ ၄၁ ဦး သေဆုံးခဲ့ရသည်ဟု KNU က ထုတ်ပြန်သည်။
စစ်တပ်က အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း အထူးသဖြင့် အာဏာသိမ်းပြီးနောက် စစ်တပ်က စာသင်ကျောင်း၊ ဿဓနိကအဆောက်အဦး၊ ဆေးရုံ ဆေးပေးခန်းများကို ပစ်မှတ်ထား တိုက်ခိုက်မှု စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ စစ်တပ်၏ နည်းလမ်းပေါင်းစုံ တိုက်ခိုက်မှုများကြောင့် KNU ထိန်းချုပ်နယ်မြေအတွင်းက စာသင်ကျောင်းပေါင်း ၅၆ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျောင်းသူ ၄၁ ဦး အသက်ဆုံးရှုံးခဲ့ရကာ၊ ၉၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်ဟု KNU က ထုတ်ပြန်ထားသည်။
မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုက ပြည်သူလူထု၏ စာသင်ကျောင်းအဆောက်အဦးနှင့် နေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် ကရင်လူမျိုးတို့၏ ပညာရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု KNU က ဆိုထားသည်။
စစ်တပ်က အာဆီယံ ဘုံသဘောတူညီချက် (Five-Point Consensus) အား လိုက်နာဆောင်ရွက်ခြင်း မရှိပဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများကို လေယာဉ်များ၊ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် စစ်ရာဇ၀တ်မှုဆိုင်ရာများအား နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ဟု ဆိုသည်။
စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်နယ်မြေအတွင်း အရပ်သား ထိခိုက်သေဆုံးမှု တိုးလာသည့်အပြင် စစ်ဘေးရှောင်ဦးရေလည်း တိုးလာနေသည်ဟု စစ်ရှောင်အရေးကူညီနေသူတို့ထံမှ သိရသည်။



