Homeသတင်းဝဥတစ်ပိဿာ ကျပ် ၂,၀၀၀ ကျော်သာရရှိပြီး မနှစ်ကထက် ဈေးတစ်ဝက်နီးပါး ကျဆင်း

ဝဥတစ်ပိဿာ ကျပ် ၂,၀၀၀ ကျော်သာရရှိပြီး မနှစ်ကထက် ဈေးတစ်ဝက်နီးပါး ကျဆင်း

-

ယခုနှစ် ဝဥရာသီတွင် မွန်နှင့်ကရင်ပြည်နယ် ဈေးကွက်အတွင်း တစ်ပိဿာ ကျပ် ၂,၀၀၀ ကျော်သာ ပေါက်ဈေးရှိနေပြီး မနှစ်ကထက် ဈေးနှုန်းတစ်ဝက်နီးပါး ကျဆင်းသွားရောင်း ဝဥစိုက်ပျိုးလုပ်ကိုင်သူများမှ သိရသည်။

ဝဥကိုများကို စက်တင်ဘာလဆန်းပိုင်းကစ၍ တောင်သူများ စတင်တူးဖော်ရောင်းချနေကြပြီး ယမန်နှစ်ကဲ့သို့ ဈေးကောင်းမရသဖြင့် တူးဖော်ရောင်းချသူ နည်းနေကြောင်းလည်း သိရသည်။

ယမန်နှစ် ဝဥရာသီတွင် တစ်ပိဿာ ကျပ် ၄,၀၀၀ ကျော်အထိ ဈေးနှုန်းအမြင့်ဆုံးရရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာ ကျပ် ၂,၀၀၀ ဝန်းကျင်သာ အရောင်းအဝယ်လုပ်နေရသည်ဟု မွန်-တနင်္သာရီအစပ်၊ ရေဖြူမြို့နယ်မှ ဝဥရောင်းဝယ်သူတစ်ဦးက ပြောသည်။

“ဒီနှစ်က အရင်နှစ်ကနဲ့ မတူဘူး။ ဈေးစဖွင့်တာနဲ့ ဈေးတော်တော်ကျသွားတယ်။ တစ်ပိဿာကို ကျပ် ၂,၀၀၀ ပဲရတယ်။ မနှစ်ကတော့ ဈေးစဖွင့်တာနဲ့ ကျပ် ၄,၀၀၀ ကျော်တောင်ရတယ်။ ဒါပေမဲ့ မိုးကုန်ရင်တော့ ဈေးက တက်ရင်ပြန်တက်သွားနိုင်တယ်။ ဒါပေမဲ့ အခုက ကျနေတယ်” ဟု ၎င်းက ပြောသည်။

ဝဥများကို တူးဖော်ပြီး အစိုအတိုင်း ရောင်းချသူများရှိပြီး အချို့မှာ အခြောက်ခံပြီးမှ ပြည်လည်ရောင်းချသူများလည်းရှိသည်။

လက်ရှိ ဈေးကွက်ပေါက်ဈေးအရ ဝဥအစိုတစ်ပိဿာလျှင် ကျပ် ၂,၀၀၀ မှ ၂,၂၀၀ ဝန်းကျင်အထိရှိပြီး ဝဥခြောက်တစ်ပိဿာလျှင် ကျပ် ၁၁,၅၀၀ မှ ၁၂,၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိနေကြောင်း သိရသည်။

ဝဥဈေးနှုန်းမှာ စက်ရုံများ၏ ဝယ်လိုအားနှင့် ဝဥသိုလှောင်ပမာဏအပေါ် မူတည်နေပြီး စက်ရုံများတွင် ဝဥများပြည့်နေပါက ဈေးနှုန်းကျဆင်းနိုင်သလို ဝယ်လိုအားမြင့်တက်လာပါက ဈေးနှုန်းပြန်လည်မြင့်တက်နိုင်ကြောင်းလည်း အထက်ပါ သူက ဆက်ပြောသည်။

“ဝဥဝယ်တဲ့စက်ရုံကနေ ဈေးဖွင့်ထားတာက အတူတူပါပဲ။ ဒါပေမဲ့ နေရာတစ်ခုနဲ့တစ်ခု ဈေးနှုန်းကတော့ နည်းနည်းကွာခြားမယ်။ ဥပမာ ရေဖြူမှာ ဒီဈေးရပေမဲ့ ရေးဘက်၊ ကြာအင်းဆိပ်ကြီးဘက်နဲ့ ထားဝယ်ဘက်မှာတော့ ဈေးက နည်းနည်းကွာမယ်။ ဒါပေမဲ့ ဒီနှစ်က ဈေးကျတယ်” ဟု ပြောသည်။

ဂျပန်ကုမ္ပဏီများအပါအဝင် ပြည်ပကုမ္ပဏီအသီးသီးမှ ယမန်နှစ်များတွင် ဝဥဝယ်ယူမှုများပြားခဲ့သဖြင့် ဝယ်လိုအားမြင့်တက်ကာ ဈေးနှုန်းလည်း မြင့်တက်ခဲ့ကြောင်း  ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဝဥရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ်တွင်မူ တရုတ်ကုမ္ပဏီများမှသာ အဓိကဝယ်ယူနေပြီး ယခင်က ဝယ်ယူခဲ့သည့် နိုင်ငံခြားကုမ္ပဏီအချို့ ဝယ်ယူမှုလျော့နည်းလာခြင်းကြောင့် ဝဥဈေးနှုန်းကျဆင်းနေခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“အရင်နှစ် တွေကျတော့ ဂျပန်ကုမ္မဏီတွေရော နိုင်ငံ ၃ နိုင်ငံက ကုမ္မဏီတွေက ဝယ်နေတော့ ဈေးတက်တာပေါ့။ အခုနှစ် ဝဥက တရုတ်ကုမ္မဏီတွေပဲ ဝယ်နေတော့၊ ဈေးကို ကြိုက်သလို ချလို့ရတယ်လေ။ အဲနိုင်ငံက ကုမ္မဏီတွေက အရင်လို လာမဝယ်တာက လမ်းပန်းဆက်သွယ်ရေးရယ်၊ အခွန်ရယ်၊ နိုင်ငံရေးကြောင့် လည်း ဖြစ်နိုင်တာပေါ့နော်” ဟု အထက်ပါ ဝဥရောင်းဝယ်သူ အမျိုးသမီးက ပြောသည်။

ထို့ကြောင့် တောင်သူအချို့ ဝဥမတူးဖော်သေးဘဲ ဈေးနှုန်းအခြေအနေ စောင့်ကြည့်နေကြကြောင်းလည်း ဆိုသည်။

ပန်းရောင်၊ အဝါရောင်နှင့် အဖြူရောင် ဝဥအမျိုးအစားများသည် ပြည်တွင်းစျေးကွက်တွင် အရောင်းအဝယ်အဖြစ်ဆုံး ဝဥများဖြစ်ပြီး အခြောက်အနေဖြင့် ပြည်ပသို့ တင်ပို့မှုများပြားကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts