အယ်နီညိုရာသီဥတုဖြစ်စဉ်များသည် လာမည့်လများအတွင်း အလွန်ပြင်းထန်သည့် အဆင့်အထိရောက်ရှိနိုင်ပြီး ကမ္ဘာ့ဒေသအသီးသီးတွင် ပုံမှန်မဟုတ်သည့် မိုးလေဝဿအစွန်းရောက်မှု အန္တရာယ်များ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် WMO မှ သတိပေးထားသည်။
WMO ၏ စက်တင်ဘာလ အစီရင်ခံစာအရ အယ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာအတွင်း အတည်ပြုဖြစ်ပေါ်နေပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမြင့်ဆုံး အခြေအနေသို့ ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ အခြေအနေကြောင့် မြန်မာနိုင်ငံအတွင်း ဒေသအလိုက် အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်း မွန်နှင့် ကရင်ပြည်နယ်တွင် နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း မွန်ပြည်နယ်အတွင်း မိုးလေဝသလေ့လာခန့်မှန်းနေသူတစ်ဦးက ပြောသည်။
“မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်ဘက်မှာ နွေရာသီဆိုရင် ပုံမှန်အားဖြင့် ၃၆ ဒီဂရီကနေ အများဆုံး ၃၈ ဒီဂရီလောက်အထိ ရှိတတ်တယ်။ အခု စူပါအယ်လ်နီညိုကြောင့် အပူချိန်က ၅ ဒီဂရီလောက် ပိုတက်နိုင်တယ်။ ဒီနှစ်နွေမှာတော့ ၄၀ ဒီဂရီ၊ ၄၀ ဒီဂရီအထက်လည်း ရောက်သွားနိုင်တယ်။ အခုအချိန်မှာတော့ ၃၁ ဒီဂရီလောက်ပဲ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိကာလသည် မိုးအကုန် ဆောင်းအကူးကာလဖြစ်သဖြင့် အပူချိန်ပြင်းထန်မှုကို ချက်ချင်းခံစားရနိုင်ခြေ နည်းပါးသော်လည်း ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိ ဆက်ရှိနိုင်ခြေရှိသဖြင့် မြန်မာနိုင်ငံအတွင်း မတ်၊ ဧပြီနှင့် မေလများတွင် အပူချိန် ပိုမိုပြင်းထန်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
“မိုးလေဝသဒေတာအရ အခုနှစ်ကုန်ပိုင်းအထိတော့ သိပ်ပြီးပူပြင်းတာ မဖြစ်သေးဘူး။ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလကုန်ပြီး မတ်၊ ဧပြီ၊ မေလတွေမှာတော့ အရမ်းပူလာနိုင်တယ်။ မြန်မာအလယ်ပိုင်းဒေသက ကျွန်တော်တို့ဒေသထက် ပိုပူမယ်။ အဲဒီအချိန်မှာ အလွန်ပူပြင်းလာရင် ညအပူချိန်လည်း မကျတော့ဘူး။ Heatwave ရက်ရှည်ကြာလာရင် အန္တရာယ်ရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
အယ်နီညိုအားကောင်းမှုနှင့် နိုင်ငံတစ်နိုင်ငံ၏ အကျိုးသက်ရောက်မှု ပမာဏသည် တိုက်ရိုက်အချိုးကျမည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွက် မိုးခေါင်ခြင်း၊ အပူပြင်းခြင်းအပြင် ဒေသအလိုက် မိုးများ၊ မိုးနည်း စသည့် အကျိုးသက်ရောက်မှုများလည်း ရှိနိုင်ကြောင်း ဆိုသည်။
အယ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်သည့် ရာသီဥတုဖြစ်စဉ်ဆိုသော်လည်း မြန်မာနိုင်ငံတွင်မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ နေ့အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ခြင်းနဲ့ မုန်တိုင်းအခြေအနေ မူမမှန်ခြင်း စတဲ့ သက်ရောက်မှုများ ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) က ယခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လအတွင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် သက်ဆိုင်ရာ ကျန်းမားရေး၊ ရေအရင်းမြစ်ရရှိရေး၊ စိုက်ပျိုးရေးနှင့် အခြားသောကဏ္ဍများ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန်လည်း တိုက်တွန်ထားသည်။
တစ်ဖက်တွင်လည်း ပြင်းထန်အယ်နီညိုကြောင့် ခြောက်လအတွင်း လူသေဆုံးမှု လေးသိန်းခွဲအထိရှိနိုင်ကြောင်းလည်း သုတေသီများက ခန့်မှန်းထားသည်။




