==
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် လိမ်လည်ခေါ်ဆောင်ခံရသည့် အသက် ၂၀ နှင့် ၂၁ နှစ်အရွယ် ဂျပန်ကျောင်းသား လူငယ် ၂ ဦးကို ထိုင်းအာဏာပိုင်တို့၏ ကူညီ ကယ်ဆယ်မှုဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ဦးဆောင်ပြီး ကန်ချနဘူရီခရိုင် ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူတို့၏ ပူးပေါင်း ကူညီကယ်ဆယ်မှုဖြင့် ကျောင်းသားလူငယ် ၂ ဦးသည် အောက်တိုဘာလ ၂ ရက်နေ့က လွတ်မြောက်လာခြင်း ဖြစ်သည်ဟု ကန်ချနဘူရီ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ်က သတင်းမီဒီယာများကို ပြောကြားရာတွင် လူငယ် ၂ ဦးသည် ဂျပန်နိုင်ငံမှ ကျောင်းသားများဖြစ်ပြီး၊ ဂျပန်နိုင်ငံသား အလုပ်ရှင်များက အားလပ်ရက်အတွင်း ထိုင်းနိုင်ငံတွင် လစာကောင်းမွန်သည့် အလုပ်လုပ်ရန်ဆိုပြီး လိမ်လည်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီးနောက် ၎င်းတို့ကို မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူမြို့သို့ ပို့ဆောင်ခဲ့ကြသည်ဟု ဆိုသည်။
ဘုရားသုံးဆူသို့ ရောက်ရှိပြီးနောက် တရုတ်နိုင်ငံသား ဦးဆောင်သည့် အွန်လိုင်းငွေလိမ်သည့် အလုပ်ကို အတင်းအကျပ် ခိုင်းစေခဲ့သည်။ ၎င်းတို့ ၂ ဦးကို ဂျပန်နိုင်ငံသားများထံ လိမ်လည်ငွေတောင်းခံခြင်းများ ခိုင်းစေခဲ့ကြောင်း မလိုက်နာလျှင် ကိုယ်ထိလက်ရောက် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ဂျပန်နိုင်ငံရှိ ၎င်းတို့၏ မိသားစုဝင်များကိုပါ အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် လူငယ် ၂ ဦးသည် အတင်းအကျပ် အလုပ်လုပ်ခဲ့ရသည်။
လူငယ် ၂ ဦးသည် ဘုရားသုံးဆူ ငွေလိမ်လုပ်ငန်းတွင် ရက် ၂၀ ခန့် အလုပ်လုပ်ပြီးနောက် တရုတ်ဂိုဏ်းခေါင်းဆောင်ထံက ဖုန်းအသုံးပြုခွင့် ရရှိခဲ့ရာမှ ဂျပန်နိုင်ငံရှိ မိသားစုဝင်များထံ ဆက်သွယ် အကူအညီတောင်းခံခဲ့ကြောင်း၊ မိသားစုဝင်များက ဂျပန်သံရုံးထံ အကြောင်းကြားအကူအညီတောင်းခံခဲ့ရာမှ ဂျပန်နှင့် ထိုင်းဘက်တာဝန်ရှိသူများ ပူးပေါင်းညှိနှိုင်းဖြင့် ၎င်းတို့ကို ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပြန်လွတ်လာသည့် ဂျပန် လူငယ် ၂ ဦးက ဘုရားသုံးဆူ ငွေလိမ်လုပ်ငန်းတွင် ဂျပန်နိုင်ငံသား အများအပြား ရှိနေကြောင်း ပြောသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များက အချက်အလက်များကို စိစစ်လျက်ရှိပြီး နောက်ထပ်အကူအညီများ ပေးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ခံရသည့် လူငယ် ၂ ဦးကိုလည်း လူကုန်ကူးခံရသူ သို့မဟုတ် လိမ်လည်ခေါ်ဆောင်ခံရသူ ဟုတ်၊ မဟုတ် စိစစ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
၎င်းတို့သည် အမှန်တကယ် အမှု၏ သားကောင်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက ဂျပန်အာဏာပိုင်များထံ လွှဲပြောင်းပေးပြီး ဂျပန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း၊ ၎င်းတို့ကို လိမ်လည်ခေါ်ဆောင်ခဲ့သည့် ဂျပန်နိုင်ငံသား အလုပ်ရှင်များနှင့် မြန်မာနိုင်ငံဘက်ရှိ လိမ်လည်မှုဂိုဏ်းများကို တရားဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ဂျပန်ကျောင်းသား လူငယ် ၂ ဦးဖြစ်စဉ်ဖြစ်ပြီးနောက် ထိုင်းအာဏာပိုင်တို့က ဘုရားသုံးဆူဒေသ နယ်စပ်ဖြတ်ကျော်သွားလာရာတွင် အသုံးပြုသည့် လမ်းကြောင်းများကို စစ်ဆေးပြီး စံခလပူရီ နယ်စပ်ဒေသအတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားသားများနှင့် နယ်စပ်ဖြတ်ကျော်သွားလာမှုများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးကြပ်မတ်ရန်နှင့် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ကာကွယ်တားဆီးရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။




