Homeသတင်းကျိုက်ထိုတွင် စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

ကျိုက်ထိုတွင် စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တကွီးပူ (ငှက်ပျောတော) ကျေးရွာအုပ်စုအတွင်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲဝန်းကျင်အချိန်ခန့်က စစ်တပ် တပ်မ ၄၄ ဌာနချုပ်မှ ၁၂၀ မမ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးသည် ငှက်ပျောတောကျေးရွာအုပ်စု၊ ဇီးကုန်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် သုံးနှစ်အရွယ် မောင်ချစ်ကျော်လင်း လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

“စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်နေသလို လေယာဉ်နဲ့လည်း ဗုံးလာကြဲနေတာ ရှိတယ်။ နေ့တိုင်းလိုလိုပါပဲ။ ရွာမှာလည်း လူတွေ မနေရဲကြတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က ကျိုက်ထိုမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေယာဉ်၊ လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့ကစပြီး ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။

စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး၊ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၎င်းပြင် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အလူးကျေးရွာအုပ်စုရှမ်းစုရွာနေ အသက် ၉ နှစ်အရွယ် မောင်ကုလား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၂၅၊ ၂၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ငှက်ပျောတောကျေးရွာနေ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၃၀၊ ၄၀ ကြားဒေသခံ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။

စစ်တပ်သည် အာဆီယံ ဘုံသဘောတူညီချက် (Five-Point Consensus) အား လိုက်နာဆောင်ရွက်ခြင်း မရှိပဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများသို့ လေယာဉ်များ၊ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။

စစ်တပ်သည် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းကဲ့သို့သော စစ်ရာဇ၀တ်မှုဆိုင်ရာများအား နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ဟုလည်း ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts