Homeသတင်းသဘာဝဘေးသင့် ထားဝယ်ဒေသကို စစ်တပ် ပစ်မှတ်ထားတိုက်ခိုက်မှု TFUCC ပြင်းထန်စွာ ရှုတ်ချ

သဘာဝဘေးသင့် ထားဝယ်ဒေသကို စစ်တပ် ပစ်မှတ်ထားတိုက်ခိုက်မှု TFUCC ပြင်းထန်စွာ ရှုတ်ချ

-

သဘာဝဘေးအန္တရာယ် ဆိုးရွားစွာ ခံစားနေရသည့် တနင်္သာရီတိုင်း‌၊ ထားဝယ်ခရိုင်အတွင်း စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း တနင်္သာရီ ဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီ (TFUCC) က အောက်တိုဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ်မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပြို၊ မြေပြိုမှုများနှင့် ရေဘေးဒုက္ခများကို ပြည်သူများ ယနေ့အထိ ပြင်းထန်စွာ ရင်ဆိုင်နေရသည်။

ထိုသို့ သဘာဝဘေးသင့်ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေး၊ ရှင်းလင်းရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို အခက်အခဲများကြားမှ ကိုယ်ထူကိုယ်ထ ရုန်းကန်ဆောင်ရွက်နေရစဉ် စစ်ကော်မရှင်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ရက်ဆက်လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ထားဝယ်မြို့နယ် ရေဝိုင်းကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် အောက်တိုဘာလ ၁ ရက်နေ့က သရက်ချောင်းမြို့နယ်ရှိ ပိတိုင်၊ လဘနှင့် ဆင်ကျန်းကျေးရွာများကို K-8W လေယာဉ်နှစ်စီးဖြင့်လည်းကောင်း စစ်ကော်မရှင်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း  သဘာဝဘေးသင့်ပြည်သူများအတွက် လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နှောင့်ယှက်ဟန့်တားရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်ကြောင်း TFUCC က ထောက်ပြထားသည်။

စစ်ကော်မရှင်အဖွဲ့အနေဖြင့် သဘာဝဘေးဒုက္ခသည်များကို နိုင်ငံတော်အဆင့် ကူညီဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းအပေါ် TFUCC အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဘေးအန္တရာယ်များကြားမှ အသက်ရှင်သန်နိုင်ရေး ရုန်းကန်နေရသည့် ထားဝယ်ခရိုင် ပြည်သူများနှင့် ထပ်တူဝမ်းနည်းရကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောမရှင်အဖွဲ့၏ အဆိုပါလုပ်ရပ်များနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများအပေါ် နှောင့်ယှက်မှုအားလုံးကို စနစ်တကျ မှတ်တမ်းတင်ထားမည်ဖြစ်သည်။

သဘာဝဘေးသင့် ပြည်သူများ၏ လုံခြုံရေးနှင့် အကူအညီများ ဆက်လက်ပံ့ပိုးနိုင်ရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေး၊ ကာကွယ်ရေး အဖွဲ့အစည်းများနှင့် လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း တနင်္သာရီ ဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီ (TFUCC) မှ ထုတ်ပြန်ထားသည်။

ထားဝယ်ခရိုင် မြို့နယ်သုံးခုရှိ ရပ်ကွက်၊ ကျေးရွာ ၁၂၀ ကျော်တွင် ရေကြီး၊ တောင်ပြိုမှုများကြောင့် ထိခိုက်သေဆုံးသူ ၄၁ ဦးထက်မနည်း ရှိလာကြောင်း Dawei Watch မှ အချက်အလက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts