ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်း စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။

စစ်ကော်မရှင်တပ် တပ်သစ်အမြှောက်ကုန်းနှင့် အမတ ၃၁၂ တို့က စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ လူနေကျေးရွာများထဲကို လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးသွားခဲ့ပြီး၊ အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးလည်း ထိမှန် ဒဏ်ရာရရှိခဲ့သည်။
၎င်းပြင် လက်နက်ကြီးကျည်ထိမှန်ပြီး နေအိမ် ၂ လုံး နှင့် ရော်ဘာပင်ပေါင်း ၃၅၀ ကျော် ပျက်စီးသွားခဲ့သည်။
စစ်တပ်က အပြစ်မဲ့ အရပ်သားပြည်သူများကို လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စစ်ရာဇ၀တ်မှုဆိုင်ရာများအား နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။




